|
မဲဆောက် စက်ရုံရှိ ကလေးအလုပ်သမားများအား
ထိုင်းရဲများက ၀င်ရောက်ဖမ်းဆီး
တရားမ၀င်အလုပ်သမား ၃၀၀ ကျော် အဖမ်းခံရ
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်းမြန်မာ နယ်စပ် မဲဆောက်တွင်
ယမန်နေ့ညနေပိုင်းတွင် အက်စ်စီဒီ သိုးမွေးစက်ရုံကို ၀င်ရောက်စစ်ဆေးရာ
တရားမ၀င်အလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးခံ ခဲ့ရသည်။
ယင်းသို့ ဖမ်းဆီးရာတွင် အသက်မပြည့်သေးသော ၁၈
နှစ်အောက် ကလေးအလုပ်သမား ၄၉ ဦးလည်း ပါဝင် သည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က
ပြောသည်။
ကလေးအလုပ်သမားများရှိသည်ဟူသော သတင်းအရ
ဝင်ရောက်ရှာဖွေရာမှ တရားမ၀င်အလုပ်သမားများ အဖမ်း ခံရခြင်းဖြစ်သည်ဟု
အလုပ်သမားကူညီစောင့်နေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ရုံးတာဝန်ခံ ကို
ချက်ကြီးက ပြောသည်။
“ရဲသုံးယောက်ဝင်လာပြီးတော့ စက်ရုံက
ဖုန်းလိုင်းတွေကို အရင်ဖြတ်လိုက်တယ်။ သူတို့ အဓိက ၀င် ဖမ်းတယ်ဆိုတာက
ဒီစက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ လက်ခံထားတယ် ထင်လို့။ လူ အင်အားက ၃၅၀
လောက် ဖမ်းမိသွားတယ်။ အဲဒီ ၃၅၀ မှာ ၃၀၀ လောက်က လက်မှတ်မရှိတဲ့လူတွေ၊
နောက်ပြီးတော့ ကျန်တဲ့အဲဒီမှာ သူတို့စိတ်ထဲမှာ ထင်တာက ကလေးလို့ထင်တဲ့လူတွေကို
သူတို့ အသက်မေးကြည့်လိုက်တာ တချို့ကတော့ ဆယ့်သုံးနှစ်၊ တချို့ကတော့
ဆယ့်နှစ်နှစ်လို့ဖြေတယ်။ ဖြေတော့ အဲဒီ အရွယ်သူလေးတွေကို စုပြီးတော့ ဖမ်းသွားတာက
၄၉ ဦး။ ”
ထိုင်းနိုင်ငံ ဥပဒေအရ အသက် ဆယ့်ရှစ်အောက်
ကလေးများကို လုပ်ငန်းခွင်ထဲတွင် စေခိုင်းခွင့်မရှိပေ။
အဖမ်းဆီးခံထားရသည့် အလုပ်သမားများကို မဲဆောက်
အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်၊
အက်စ်စီဒီ သိုးမွေးစက်ရုံတွင် မြန်မာအလုပ်သမား
၇၀၀ ကျော် ရှိပြီး အလုပ်သမားထက်ဝက် အဖမ်းခံရခြင်း ကြောင့် ယနေ့တွင်
စက်ရုံပိတ်ထားသည်။ ကလေးအလုပ်သမားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း
အလုပ်ရှင်နှင့် မန်နေဂျာတို့ကို ခေါ်ယူစစ်ဆေး ထိန်းသိမ်းခြင်း မရှိသေးဟု သိရသည်။
ယမန်နေ့ညနေက ဖမ်းဆီးမှုကြောင့် မဲဆောက်ရှိ အခြား
အလုပ်ရုံစက်ရုံများသည် အလုပ်သမားများကို ကြိုတင် ရှောင်တိမ်း ခိုင်းထားသည်။
အလုပ်သမားအများစုမှာ တောတွင်းသို့ ရှောင်တိမ်းကြပြီး အချို့မှာ မြ၀တီဖက်ကမ်း
သို့ ပြန်သွားကြသည်ဟု အလုပ်သမားများက ပြောသည်။
လက်ရှိ မဲဆောက်မြို့အတွင်း
အလုပ်သမားလက်မှတ်မရှိသူများကို ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဖမ်းဆီး
စစ်ဆေးရာ နေ့စဉ် အလုပ်သမား ရာနှင့်ချီ၍ အဖမ်းခံရသဖြင့် မြို့တွင်း
လမ်းမများပေါ်တွင် မြန်မာနိုင်ငံသား အလုပ်သမားများ မရှိသလောက်ဖြစ်နေသည်ဟု
အလုပ်သမားများက ပြောသည်။
|