တရုတ်နှစ်သစ်ကူးကာလ နယ်စပ်ဒေသတွင် တရုတ်ငွေဈေးကျဆင်း

ဇော်ကြီး။
ဇန္န၀ါရီလ ၂၂ ရက်၊
၂၀၀၉ ခုနှစ်။

တရုတ်၊ မြန်မာနယ်စပ် ရွှေလီဒေသတွင် တရုတ်ငွေဈေးများကျဆင်းနေပြီး မြန်မာငွေ ဈေးများမြှင့်တက် လာနေ သည်။

တစ်ရက်အတွင်း မြန်မာကျပ်ငွေ တသိန်းလဲလှယ်ပါက တရုတ်ငွေ ၁၀ ယွမ်၊ မြန်မာကျပ်ငွေ အားဖြင့် ၁၆၂၅ ကျပ်ခန့် ထိုးကျသွားခဲ့သည်ဟု တရုတ်၊ မြန်မာ နယ်စပ်ရွှေလီမြို့တွင် နေထိုင်သော မအေးကြည်က ပြောသည်။

“ခုနတုန်းက ငွေသွားလဲတာလေ မနေ့ကတောင်မှ ဟိုဥစ္စာပဲရှိတယ် မနက်ပိုင်းဆိုလို့ရှိရင် ဗမာငွေ တစ်ထောင်ကို တရုတ်ငွေက ၆ဒသမ ၀၅ ရှိတာလေ အခုဒီမနက် သွားလဲတဲ့အခါ ကျတော့ ၆ ဒသမ ၁၅ ဆိုတော့ ဗမာငွေတစ်သိန်းကို တရုတ်ငွေ ၆၁၅ ယွမ်၊ အဲတာ ဗမာငွေ ဈေးတက်လာတယ် တရုတ် ငွေ ကျတယ်။”

တရုတ်ငွေဈေးကျရခြင်း၏ အဓိကအကြောင်းရင်းနှင့် ပတ်သက်၍ နယ်စပ်ရှိ ကျောက်ပွဲစား တစ်ဦးက ယခုလို ပြောသည်။

“အခုဟာက တရုတ်နှစ်သစ်ကူး ကာလလေ။ နောက်ပြီးတော့ သစ်ခုတ်ရာသီလည်း ဖြစ်တယ်။ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ အခုက သစ်ခုတ်ရာသီဆိုတော့ ဟိုဖက်ကမ်း မှာ ရှင်းရတာက ဗမာငွေနဲ့ရှင်းရတာကိုး။ ဟိုဖက်ကမ်းမှာ ဗမာငွေစုပြုံပြီး ၀င်နေတယ်။ နောက်တစ်ခုက ဒီမှာရှိတဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ဟိုဖက်ကို ပို့တယ်၊ လွဲတယ် အဲတာ ကြောင့်ဖြစ်တာပါ။”

လာမည့် ဇန္န၀ါရီလ ၂၆ ရက်နေ့သည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးနေ့ဖြစ်သောကြောင့် တရုတ်လူမျိုး အများစုသည် ယင်းရက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ ရပ်နားထား တတ်သဖြင့် တရုတ်ငွေဈေးမှာ နှစ်စဉ်တန်ဖိုး ကျဆင်းတတ်သည်။

ယင်းရာသီတွင် သစ်လုပ်ငန်းလုပ်ကိုင်သူများက မြန်မာပြည်တွင်းသို့ ပြန်ကာ သစ်ခုတ်မည် ဖြစ်သဖြင့် ၎င်းတို့ လက်ဝယ်ရှိ တရုတ်ငွေများကို  မြန်မာငွေများနှင့် လဲလှယ်တတ်သောကြောင့် တရုတ်စီးပွားရေးသမားများက ငွေကြေးကစားခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

ယခုကဲ့သို့ တရုတ်ငွေဈေး ကျဆင်းလာသည့်အတွက် နယ်စပ်ရှိ တနိုင်တပိုင် စီးပွားရေး လုပ်ငန်း လုပ်ကိုင် နေကြသူများ အတွက်အကျိုးအမြတ်များ ဖြစ်ပေါ်စေသော်လည်း နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ခြင်း မရှိဟု ကုန်သည်များက သုံးသပ်သည်။

ယခင်နှစ် သြဂုတ်လအတွင်းက တရုတ်နိုင်ငံတွင် အိုလံပစ်ပွဲကျင်းပစဉ် ကုန်ပစ္စည်း အ၀င်အထွက်များ နည်းပါးခဲ့သဖြင့် ယခုကဲ့သို့ တရုတ်ငွေ ကျဆင်းခဲ့ဖူးသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။