ဦးသန့် ရာပြည့် အထိမ်းအမှတ် မလေးရှားရောက် အတိုက်အခံများ ကျင်းပ။

နွယ်လေး။
ဇန်န၀ါရီလ ၂၂ရက်၊ ၂၀၀၉ ခုနှစ် ။

အာရှတိုက်မှ ပထမဦးဆုံး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချူပ် တာဝန်ယူခဲ့သည့် ဦးသန့် နှစ်တရာ ပြည့်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား) က ဦးဆောင်ယနေ့ကျင်းပပြုသည်။

အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဌ ကိုကျော်ကျော် က  "မြန်မာစစ်အစိုးရ ကနေပြီးတော့ ဦးသန့်ကို မြန်မာပြည်သူလူထု ရင်ထဲနှလုံး သားထဲမှာ မေ့ပစ်အောင်ထားတာကို ကျနော်တို့ အနေနဲ့က ဒါကျနော်တို့ မြန်မာပြည်ရဲ့ ဂုဏ်ယူစရာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်တယ်ဆိုတာကို ကျနော်တို့ မလေးရှားမှာ ရောက်ရှိနေတဲ့ အလုပ်သမား လူထုကြားကို ကျနော်တို့ကပြောဆို ဆွေးနွေး စည်းရုံးပီး ပြုလုပ်ခြင်းဖြစ်ပါတယ်" ဟုပြောသည်။

အခမ်းအနားကို ယနေ့ နေ့လည် ၁၂နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး အခမ်းအနား တက်ရောက် လာကြသူ မြန်မာနိုင်ငံ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့၊ သာသနာ့ဥသျှောင်နှင့် အခြားသော အဖွဲ့အစည်းများမှ လူပေါင်း ၃၀ ကျော်က ဦးသန့် အား ဂုဏ်ပြုရေးစပ်ထားသည့် ကဗျာကို ပြိုင်တူရွတ်ဆိုခဲ့ကြသည်။

နောင်လာမည့် မျိုးဆက်သစ်လူငယ်များ လမ်းမှားမလိုက်မိရန် မလေးရှား သာသနာ့ ဥသျှောင်အဖွဲ့မှ ဆရာတော် ဦးအဂ္ဂဓမ္မက အခမ်းအနား အဖွင့်တွင် မိန့်ကြားသည်။

"ဦးသန့် နစ်တစ်ရာပြည့် မွေးနေ့ပွဲမှာ နောက်လာမယ့်မျိုးဆက်သစ်လူငယ်တွေ လမ်းမှားတွေ မလိုက်မိစေဖို့၊ ဦးဇင်းတို့နိုင်ငံမှာ  လက်ရှိလျှေက်နေတဲ့ ပုဂ္ဂိုလ်(နအဖ)တွေက လမ်းမှားတွေ ကို လျှောက်နေကြတဲ့အခါကြတော့ ယနေ့ခေတ်လူငယ်တွေက အတုယူမှားပြီး ဒါတွေဟာ လမ်းကောင်း လမ်းမှန်တွေပဲဆိုပြီး စိတ်ထဲမှာ အထင်မြင်မှားသွားမှာ အရမ်းစိုးရိမ်တယ် ဦးဇင်းတို့က။ ဒါကြောင့် လူငယ်တွေ အနေနဲ့ အတုယူသင့် အတုယူထိုက်တဲ့ ပုဂ္ဂိုလ်ကို အတုယူဖို့ မယူသင့်တာကို မယူကြဖို့ ဒါတွေပဲ အဓိကဦးဇင်းပြောချင်တယ်။"

အခမ်းအနားတွင် ဦးသန့် ဂုဏ်ပြုကဗျာ၊ ဦးသန့်ဓါတ်ပုံပြခန်းများ ခင်းကျင်းပြသပြီး ဦးသန့်နင့် ပတ်သက်သည့် လုပ်ဆောင်ချက် အထ္ထုပ္ပတိ စာစောင်ကို လူထုကြား ဖြန့်ဝေခြင်းများ ပြုလုပ်သည်။

ဦးသန့်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂစာတိုက် ဆက်သွယ်ရေး ဌာနက ဦးသန့်ပုံနှင့် တံဆိပ်ခေါင်းများ ထုတ်ဝေမည်ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချူပ် တာဝန်ယူခဲ့ပြီး ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော့မြို့တွင် ကွယ်လွန်ခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် ကြီးကျယ် ခမ်းနားစွာ နောက်ဆုံး ဂါရ၀ပြုလုပ်ပြီး မြန်မိာုင်ငံတော် စစ်အစိုးရမှ ဦးသန့်၏ ရုပ်ကလပ်ကို ကြံတောသချိုင်း တွင် သဂြိုလ်ရန် စီစဉ်ခဲ့သည်။

ကျောင်းသားပြည်သူများက လေးစားဂုဏ်ပြုထိုက်သော ဦးသန့်ရုပ်ကလာပ်ကိုင်ငံတော်မှ ဈာပန ပြုလုပ်ပေးရန် တောင်းဆိုရာမှ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးသန့် အရေးအခင်းခေါ် ကျောင်းသားလှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။