|
နယ်စပ်ထိတွေ့မှုထိုင်းစစ်သားတဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
မတ်လ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသ မဲဟောင်ဆောင်ခရိုင်ရှိ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကို
မြန်မာနိုင်ငံဖက်မှ လက်နက် ကိုင် တပ်ဖွဲ့ တဖွဲ့က ယမန်နေ့က ၀င်ရောက်
တိုက်ခိုက်ခဲ့သဖြင့် ထိုင်း တပ်သားတဦး ကျဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။
မြန်မာနိုင်ငံ ကယားပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မယ်ဟောင်ဆောင်ခရိုင်
ကွန်ယွမ်းမြို့နယ် ဟွေး ဖန် ကျေးရွာ အနီးရှိ နယ်ခြားစောင့်တပ်ကို ယမန်နေ့
နေ့လည် ၁၁ နာရီခန့်တွင် ထိုင်းနယ်မြေ အတွင်းသို့ ၀င်ရောက်
ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်း စစ်ဖက် အရာရှိ တဦးက ပြောသည်။
ယခုကဲ့သို့ ၀င်ရောက်တိုက်ခိုက်ခြင်းသည် မြန်မာအစိုးရစစ်တပ်မှ ကရင်နီတပ်မတော်ဟု
ထင်ပြီး ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကရင်နီတပ်မတော်၏
ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။
“သူတို့
အဲဒီစခန်းက မနေတာ သုံးလေးလလောက်ရှိပြီ ထိုင်းတပ်က။ အဲလိုတော့ သုံးလေးလ
လောက်ရှိပြီ ဆို တော့ အသစ်သွားနေတော့ ရန်သူဘက် ကတော့ ဒါက သူပုန်ပဲ
သူထင်ပြီးတော့ တက်ပစ်တာနဲ့တူတယ်။ အဲ ဒါ သူတို့တက်နေတာက
လေးရက်နေ့မြောက်တဲ့နေ့မှာပဲ ဒီလိုဖြစ်တယ်လေ။ ”
ဝင်ရောက်
တိုက်ခိုက်သူများသည် ဘော်လခဲမြို့နယ် အခြေစိုက်သည့် ခမရ ၄၃၀ စစ်ကြောင်း(၂)မှ
ဖြစ်နိုင် သည် ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။
ထိုင်းအာဏာပိုင်များကမူ မည့်သည့်တပ်ဖွဲ့က လာရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း
အတည်ပြု ပြောဆိုခြင်း မရှိ သေးချေ။
ယင်းနယ်ခြားစခန်းသို့ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ထိုင်းအသေခံတပ်မှ စုစုပေါင်း
(၈)ဦးသည် ယခုလ (၁၈)ရက် နေ့တွင် ပြန်လည် စခန်းထိုင်နေခြင်းဖြစ်ပြီး
လာရောက်တိုက်ခိုက်သူများသည် အင်အား ၃၀ခန့်ရှိသည်ဟု ထိုင်း အာဏာပိုင် များက
ခန့်မှန်းထားသည်။
တိုက်ပွဲတွင် ထိုင်းစစ်တပ်ဖက်မှ အင်အားမမျှသဖြင့် နောက်ဆုတ်ခဲ့ကာ
မယ်ဟောင်ဆောင်ခရိုင်ရှိ တပ်မဟာ(၇)မှ စစ်ကူရောက်လာကာ ရဟတ်ယာဉ်များ၊
လက်နက်ကြီးများဖြင့် ည ၁၁နာရီခန့်အထိ ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကူသွားရောက်ခဲ့သော တပ်မဟာ(၇)မှ တပ်မဟာမှူး ဆူထပ်
ဂျာရူးမနီက ဘယ်အဖွဲ့မှာ တာဝန်ရှိတယ်ဆိုတာ အရေးမကြီးကြောင်း၊ သို့သော်
ပစ်ခတ်မှုသည် မြန်မာပြည်ဖက်မှ လာခြင်းဖြစ်သည်ဟု ပြောဆို ကြောင်း ယနေ့ထုတ်
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။
ယခုကဲ့သို့ ၀င်ရောက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဖက်မှ
ထိုင်း-မြန်မာနယ်စပ်ကော်မီတီအား အရေး ပေါ် ဖြေရှင်းပေးရန် တောင်းဆိုထား သည်ဟု
ထိုင်းအာဏာပိုင်တဦးက ပြောသည်။
ယမန်နှစ်
ဇူလိုင်လတွင်လည်း ထိုင်းစစ်တပ် ရဟတ်ယာဉ်တစင်းအား နအဖတပ်မှ ခြေမြန်တပ်ရင်း (၆၆)က
စက်သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုင်းဖက်မှ
လျော်ကြေးပေးရန်တောင်းဆိုသည်ကို မြန်မာစစ်အစိုးရဖက်မှ ငြင်းဆိုခဲ့သည်။ |