ထိုင်းရဲများ၏ ဖမ်းဆီးမှုကို တိမ်းရှောင်ရင်း မြန်မာအလုပ်သမား ၃ ဦးရေနစ်သေဆုံး

နွယ်လေး။
ဧပြီ ၂၂ရက်၊ ၂၀၀၈ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးကက်မြို့ တွင် ထိုင်းရဲများ၏ ဖမ်းဆီးမှုကို တိမ်းရှောင်ထွက်ပြေးရင်း မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးဦးရေနစ်သေဆုံးခဲ့သည်။

၎င်းတို့ သေဆုံးရခြင်းကို ဖူးကက်မြို့ရှိ မြန်မာအမျိုးသားတဦးက ယခုလို ပြောပြသည်။

“ဧပြီလ ၂၀ ရက်နေ့ညနေ ၅ နာရီခွဲကျော်မှာ အလုပ်သမား ၆၀ ကျော်က ထိုင်းရဲတွေလိုက်ဖမ်းနေ တယ်ဆိုလို့ အုန်းခြံမှာလွန်ခဲ့တဲ့နှစ်ရက်သုံးရက်က   သွားပုန်းပြီး အုန်းခြံစောင့် က ထိုင်းရဲကို  သတင်း ပေးလို့ ထိုင်းရဲက လာ ၀ိုင်းတယ်၊ ထိုင်းရဲတွေ လိုက်ဖမ်းရာထွက်ပြေးတယ် ၊ထွက်ပြေးတဲ့ထဲက ၂၇ ယောက်ဖမ်းခံရတယ်၊ အမျိုးးသားသုံး ဦးက ရေကန်ထဲ ပြုတ်ကျသေဆုံးခဲ့တယ် ။”

ရေနစ်သေဆုံးသူများ၏ အလောင်းများ ယမန်နေ့ နေ့ခင်းပိုင်း ရေကန်အတွင်းပေါ်လာသောအချိန်မှ ပြန်လည် တွေ့ရှိခဲ့သည်။

သေဆုံးသူများမှာ  မကွေးတိုင်း ပေါက်မြို သဲတောရွာမှ မျိုးဇော်ဦး (၂၅နှစ်)။ ၄င်း၏ညီ ဖြိုးဖြိုးအောင်(၂၃နှစ်)နှင့် အသက်၂၅ နှစ်ဝန်းကျင်ရှိ အမည်မသိ အမျိုးသား တဦးတို့ ဖြစ်သည်။

သေဆုံးသူများ၏ အလောင်းကို ဖူးကက်ရှိ ထန်လန်ဆေးရုံ သို့သယ်ဆောင်သွားပြီး ထိုင်းရဲများက ထလန်ဘုန်း ကြီးကျောင်းတွင် သဂြိုလ်ပေးမည်ဟုဆိုကာ  မြန်မာအလုပ်သမားများမှ ၁၀ ယောက်ခန့်ကို လိုက်ပါပို့ဆောင်ရန် ခွင့်ပြုမည် ဟု သေဆုံးသူများ၏ လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယခုကဲ့သို့ဖမ်းဆီးမှုများကို ထိုင်းနိုင်ငံသို့ ၀င်ရောက်လာသူ မြန်မာ ၅၄ဦး အအေးခန်း ကားတွင် မွန်းကျပ်သေဆုံးပြီးနောက် စတင်ခဲ့ခြင်းဖြစ်ကာ အစောပိုင်းက လူကုန်ကူးသူများကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင်  မြန်မာအလုပ်သမားများကို ဖမ်းဆီးခဲ့သည်။

ယနေ့နံနက်တွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် နေရာအနှံအပြား၌ ဖမ်းဆီးမှုများ ရှိခဲ့ပြီး ဖူးကက် ဒေသ တွင် ၆၀ခန့် ဖမ်းဆီးခံရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။