|
မယ်လစခန်းမှ ဒုက္ခသည်
၃၀ ကျော် အမေရိကန်နိုင်ငံတွင် အခြေချရန် ထွက်ခွာ
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။
အမေရိကန်နိုင်ငံတွင်
အခြေချနေထိုင်ရင် ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးရှိ မယ်လဒုက္ခသည်စခန်းမှ
ကရင်ဒုက္ခ သည် ၃၁ ဦးသည် မယ်လဒုက္ခသည်စခန်းမှ ယနေ့ စတင်ထွက်ခွာကြောင်း
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အခြေချနေထိုင်ရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက
ပြောသည်။
ယခုနှစ်အတွင်း
တတိယနိုင်ငံသို့ ထွက်ခွာသွားသည့် ဒုက္ခသည်အဖွဲ့များအနက် ယင်းအသုတ် သည် လူဦးရေ အ
များဆုံးဖြစ်ပြီး အမေရိကန်အစိုးရက အမြန်ခေါ်ယူခြင်းကြောင့် ယခုလို
ထွက်ခွာသွားခြင်း ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချ နေထိုင်ရေးအဖွဲ့
(International Organization for Migration)
မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ခရစ်လွမ်
(Chris Lom)
က ယခုလို ပြောသည်။
“အရင်တုန်းက အဖွဲ့တွေအများကြီး ထွက်ခွာသွားပြီ။ ဒါပေမယ့် တဖွဲ့ကိုနည်းနည်းလေးပဲ
ရှိကြတယ်။ တယောက် ချင်းနဲ့ အိမ်ထောင်စုတစုချင်းပဲ သွားကြတယ်။ ဒါပေမယ့် ဒီအဖွဲ့က
၃၁ ယောက်ပါတယ်။ ဒီကနေ့ သွားတာက လူဦးရေအများဆုံးပါတဲ့ ပထမဆုံးအသုတ်ဖြစ်တယ်။”
၎င်းအဖွဲ့သည်
ယနေ့ညတွင် ဘန်ကောက်မြို့၌ တညတာ ရပ်နားမည်ဖြစ်ပြီး မနက်ဖန် နံနက် ၆ နာရီတွင်
လေယာဉ်ဖြင့် အမေရိကန်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်သည်။
အခြားနိုင်ငံမှ
အမေရိကန်နိုင်ငံသို့ လာရောက်မည့် ဒုက္ခသည်အရေအတွက်များပြားနေသဖြင့် ယခုမှစ၍
စက်တင် ဘာလအတွင်းတွင် အမေရိကန် အစိုးရက ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် များကို
အမြန်ခေါ်ယူခြင်း ဖြစ်သည်ဟု မစ္စတာ ခရစ်လွမ်က ပြောသည်။
အမေရိကန်အစိုးရသည်
မယ်လစခန်းမှ ဒုက္ခသည်များကို ဆက်လက်ခေါ်ယူမည်ဖြစ်သဖြင့် ဒုက္ခသည်မှတ်ပုံတင်
ထားသူများအားလုံး စိတ်ဝင်စားပါက လျှောက်ထားနိုင်ပြီး နောက်ပိုင်း တွင်
အုန်းဖျံနှင့် နိုဖိုးဒုက္ခသည်စခန်းမှ ဒုက္ခ သည်များကိုလည်း ခေါ်ယူမည် ဖြစ်သည်ဟု
၎င်းက ဆက်လက် ပြောသည်။
မယ်လဒုက္ခသည်စခန်းမှ
ဒုက္ခသည်များသည် တက္ကဆက်၊ နယူးယော့ခ်၊ ကယ်လီဖိုးနီးယား၊ အင်ဒီယားနား နှင့်
မြောက်ကာရိုလိုင်းနား စသည့်ပြည်နယ်တွင် အခြေချနေထိုင်လျက် ရှိသည်။
မယ်လဒုက္ခသည်စခန်းတွင်
ကရင်လူမျိုးအများဆုံး နေထိုင်ကြပြီး လူဦးရေ လေးသောင်းကျော် ရှိကာ ထိုင်းမြန်မာ
နယ်စပ်တလျှောက်တွင် တည်ရှိသည့် ဒုက္ခသည်စခန်း ၉ ခုအနက် လူဦးရေ အများဆုံးနှင့်
အကြီးဆုံး ဒုက္ခ သည်စခန်းတခု ဖြစ်သည်။
|