|
ပူးပေါင်းတပ် ထိုးစစ်ကြောင့် ကေအဲန်ယူ တပ်မဟာ (၇)ကို လက်လွတ်ရ
ခွန်အောင်မြတ်။
ဇွန်လ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်။
တိုးတက်သော
ကရင်ဗုဒ္ဓဘာသာအစည်းအရုံးနှင့် မြန်မာစစ်တပ်ပူးပေါင်းထိုးစစ်ကြောင့်
ကရင်အမျိုးသားအစည်း အရုံး (ကေအဲန်ယူ)က ၎င်း လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ်
စခန်းကို ယမန်နေ့က ဆုတ်ခွါပေးလိုက် သည်။
ကေအဲန်ယူတပ်ဖွဲ့များကို လွန်ခဲ့သောရက်ပေါင်း ၂၀ ခန့်က စတင်ကာ အစိုးရတပ်က
လက်နက်ကြီးဖြင့်ပစ် ခတ် ပေးပြီး၊ ဒီကေဘီအေက ရှေ့တန်းတက်
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့က တပ်မဟာ (၇) ဌာနချုပ်အား
ဆုတ်ခွါပေးလိုက်ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး
စောလှငွေက ပြောသည်။
“တပ်မဟာ(၇) ဌာနချုပ်ကတော့ ပြောက်ကျားအနေအထားပဲထားပြီးတော့
ဆုတ်ပေးသွားပြီလေ။အဲဒီ နေရာတွေက ပြောင်သလင်းကြီးပဲ။
အမြောက်ပစ်ကွင်းတွေချည်းပဲဆိုတော့ အဲဒီမှာ မိုင်းတွေဘာတွေပဲ ထားခဲ့တာပေါ့။
အဲဒါကြောင့် မိုင်းတွေ နှစ်လုံး၊ သုံးလုံးလောက် ပေါက်တယ်။ အဲဒါနဲ့ အဲဒီမှာ
သူတို့ ရောက်လာပြီး သူတို့မိုင်းရှင်းတုန်းပဲလား မပြောတတ်ဘူး။ ဟိုရှေ့ဆက်
တက်မလား မသိဘူး။ ဟိုရှေ့ မှာကတော့ အေပေထာ ဆိုတဲ့ နေရာကတော့ ပဒိုမန်းရှာတို့
ကျောက်တိုင်တွေ ဘာတွေ ရှိတဲ့နေရာ လေ။”
ယမန်နေ့ တပ်မဟာ (၇)
ဌာနချုပ်ရှိရာသို့ မြန်မာစစ်အစိုးရတပ်က လက်နက်ကြီးကျည် အလုံး ၃၀ ကျော် ပစ်
ခတ်တိုက်ခိုက်ခဲ့သည်။ ကေအဲန်ယူဘက်က လက်နက်ကြီး ကျည် ၂ လုံးဖြင့်
ပြန်လည်ပစ်ခတ်သဖြင့် ဒီကေဘီ အေ တပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု
ဗိုလ်မှူးစောလှငွေက ပြောသည်။
တပ်မဟာ (၇)ကို
လက်လွတ်လိုက်ရသဖြင့် အခြားတပ်မဟာများနှင့် အဆက်အသွယ်များ ပြတ်တောက်သွားနိုင်
သည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
“ဒီအလည်ပိုင်း
control (ထိန်းချုပ်မှုပိုင်း)မှာတော့ လစ်ဟာမှု တခုဖြစ်သွားတာပေါ့။ အခုနယ်မြေ တွေ
ကို ကျနော်တို့ဒီ ကျန်တဲ့ တပ်မဟာ(၂-၃) တခြားတပ်မဟာတွေ မလုပ်နိုင်ခင် ကာလ
အတောတွင်း မှာတော့ ကျနော်တို့ရဲ့ တောင်နဲ့မြောက်ပိုင်း အဆက်အသွယ်ကတော့ ပြတ်သွား
တာပေါ့။ နောက် တခုကတော့ ကိုယ်အဲဒီမှာ ပြန်ပြီးတော့ ပြန်ဝင်ဖို့ဆိုရင်
အချိန်ပြန်ယူရမှာပဲ။ ဘာဖြစ်လို့လဲဆို လူထု ကလည်း လူထုအခြေခံကလည်း ပျက်သွားတယ်။
နောက်ပြီးတော့ ဆက်သွယ်ရေး စခမ်းတွေကလည်း လောလောဆယ်ဆယ် အသိမ်းခံထားရတယ်ဆိုတော့
ပြန်ရဖို့ဆိုတာ မလွယ်လှဘူး။”
မြန်မာစစ်အစိုးရနှင့်
ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့သည် အခြား တပ်မဟာများကိုလည်း ဆက်လက် ထိုးစစ်ဆင်
တိုက်ခိုက်သွားနိုင်သည်ဟု ၎င်းက ပြောသည်။
ဇွန်လဆန်းပိုင်းမှ စ၍
ပူးပေါင်းတပ်ဖွဲ့က ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေကို
ထိုးစစ်ဆင်တိုက်ခိုက် ရာ ပူးပေါင်းတပ်ဖွဲ့ ဒီကေဘီအေ တပ်သားအများစု အပါအ၀င် ၁၄၀
ကျော် ထိခိုက်ကျဆုံးပြီး၊ ကေအဲန်ယူ ဘက်ကမှ တပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ
တပ်မဟာ (၇) ဌာနချုပ်ကို လက်လွတ်ဆုံးရှုံးလိုက်ရသည်ဟု ကေအဲန်ယူက ပြောသည်။
ယင်းတိုက်ပွဲကြောင့်
စစ်ပြေးဒုက္ခသည် (၄၀၀၀) ကျော် ထိုင်းနယ်မြေအတွင်းသို့ ထွက်ပြေး
ခိုလှုံလျှက်ရှိသည်။
ယခုဖြစ်ပွားသည့်
တိုက်ပွဲတွင် ကရင်အချင်းချင်းဖြစ်ပွားသည့် တိုက်ခိုက်မှုများသာဖြစ်ပြီး
လက်နက်ကိုင် ပဋိပက္ခ အတွင်းတွင် မြန်မာ့တပ်မတော်က ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဟု
မြန်မာစစ်အစိုးရထုတ် နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။
|