ဗန်းမော် စစ်ဗျူဟာမှူးတဦးကို ခုံရုံးတင်စစ်ဆေးနေ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၂၂ရက်၊ ၂ဝဝ၉ ခုနှစ်။

သစ်မှောင်ခို ခိုးထုတ်သည့်လုပ်ငန်းများတွင် ငြိစွန်းနေမှု၊ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်နေသည့် ရာဘာ စိုက်ခင်းနှင့် ပတ်သက်မှု စသည့် ဥပဒေနှင့် မလွှတ်ကင်းသည့် ကိစ္စရပ်များနှင့် ဆက်စပ်၍ ဗန်းမော်မြို အခြေစိုက် စစ်ဗျူဟာ မှူး ဗိုလ်မှူးကြီး ခင်မောင်မော် အား စစ်ခုံးရုံးတင် စစ်ဆေးနေသည်။

ယခုလဆန်းပိုင်းမှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ဗန်းမော်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင် မော်ကို တာဝန်မှ ရပ်ဆိုင်းကာ မပခမှ လာရောက်ခုံရုံးတင် စစ်ဆေးနေ သည်ဟု စစ်တပ်နှင့် နီးစပ်သူ ဗန်းမော် မြိုခံက ပြောသည်။

သင်္ကြန်မတိုင်မီကနဲ့ သင်္ကြန်ပြီးတဲ့နောက်ပိုင်း မန်ဝိန်းကြီးဘက်ကို သစ်ကားအစီး သုံးရာကျော် ထွက် သွားတယ်လေ။ အဲဒီတုန်းက ဘီဘီစီတို့ ပြည်ပအသံလွှင့်ဌာနတွေက  ပါလာသေးတယ်။ အဲဒီကိစ္စ လည်း ပါတယ်။ ပြီးတော့ သူရှယ်ယာ ပါတယ်ဆိုတဲ့  မံသာကျေးရွာနားက ဧကငါးရာ ရာဘာစိုက်ခင်း မှာ  သစ်စက်တွေထောင်၊ ခိုးဝင်လာတဲ့ တရုတ်တွေကို လက်ခံ၊ အဲဒီမှာ ရာဘတွေနဲ့ ဒေသခံလူငယ် တွေကို သစ်ထုတ်လို့ရမယ့်ဟာတွေ လိုက်ရှာခိုင်းတဲ့ ကိစ္စတွေလည်း ပါနိုင်တယ်။

ဗန်းမော်မြိုမှ ကိုသက် ဆိုသူက တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေး အရင်း အနှီးဖြင့် ဗန်းမော် မြိုနှင့် (၂၈)မိုင်အကွာ၊ မံစီမြိုနယ်၊ မံသာကျေးရွာအနီးတွင် ဧက(၅ဝဝ)ရှိ သစ်တောအား ခုတ်ထွင်ကာ ရာဘာ စိုက်ပျိုးရေး လုပ်ငန်းကို (၂ဝဝ၇)ခုနှစ်ကတည်းက စတင်ခဲ့သ်ာလည်း ယနေ့ချိန်ထိ ရာဘာပင် မယ်မယ်ရရ စိုက်ပျိုးထားခြင်း မရှိသေးကြောင်း၊ အဆိုပါ ခြံအား ဗန်းမော်ဗျူဟာမှူးက ရှယ်ယာထည့်ဝင်ထားသည်ဟု ဗန်းမော် ဒေသခံများက ပြောသည်။

အဆိုပါ ဧက(၅ဝဝ)သစ်တောကွက်မှ ထွက်ရှိသည့် သစ်များကို တရုတ်နယ်စပ်ကို သယ်ထုတ်ပြီး အဆိုပါဝင်းအား သံဆူးကြိုးခတ်ကာ သစ်စက်များထောင်ပြီး အနီးနားမှ သစ်များကို ခွဲစိတ်နေကြောင်း၊ သစ်လုပ်နေသည့် တရုတ် နိုင်ငံသားများလည်း အဆိုပါ ခြံအတွင်း ခရီးတထောက်နားသည့် နေရာဖြစ်နေပြီး မည်သည့်စစ်ကြောင်းမှ ဖမ်းဆီး အရေးယူခြင်းမရှိကြောင်း ဗန်းမော်ဒေသခံက ပြောသည်။

သစ်ဖမ်းတာတွေ အခုနှစ်အစောပိုင်း နှစ်လပိုင်း၊ သုံးလပိုင်းတုန်းကလုပ်တယ်၊ အဲဒီ မံသာဘက် ကို သွားမလုပ်ဘူး။ ဗျူဟာမှူး ရှယ်ယာပါတယ်ဆိုလို့ဆိုပြီး ကိုသက် ကိုယ်တိုင် ဗျူဟာမှူး နာမည်သုံး နေ တာရှိတယ်လေ။ သူ့ဝင်းထဲမှာ ထောင်ထွက်တွေ၊ ချမယ့်၊ နှက်မယ့် ကောင်တွေလည်း မွေးထားတာ။ ရာဘဆိုတာတွေလည်း အဲဒီမှာ ရတယ်။ ဘယ်သူမှ သွားဖမ်းတာတွေ မလုပ်တာဘဲ ကြည့်တော့

ဗန်းမော်ဒေသအတွင်း ကျွန်းသစ်အပါအဝင် သံမလန်း၊ စကားဝါစသည့် သစ်မာများရှိနေပြီး နှစ်စဉ် ဆောင်းရာသီ မှစ၍ မိုးမကျမီအချိန်အထိ ခြောက်လတာအတွင်း တရုတ်နိုင်ငံသားများ နှင့် ဒေသခံ သစ်လုပ်ငန်းရှင်များက ခုတ်ယူကာ တရုတ်ပြည်သို့ သယ်ထုတ်နေပြီး နယ်မြေခံ စစ်အစိုးရစစ်ကြောင်းများက စစ်ဆင်ရေးများလုပ်ကာ ဖမ်းဆီးနေသော်လည်း သစ်မှောင်ခို ထုတ်သည့်လုပ်ငန်းမှာ ပပျောက်သွားခြင်းမရှိကြောင်း နယ်စပ်ဒေသခံများက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။