စိုက်ပျိုးပြီးစပါး ပြန်နုတ်ခိုင်းသည့် မယက စပါးတင်း ၇၀ အလျော်ပေးရ

ဇော်ကြီး။
သြဂုတ်လ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးပြီးစပါး ပြန်နုတ်ခိုင်းသည့် မြို့နယ် မယက ဥက္ကဌအား မြောက် ပိုင်းတိုင်း(မပခ)တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက စပါးတင်း ၇၀ ပြန်လျော် ခိုင်းသည်။

ထွန်တုန်းပိတ်ပွဲပြုလုပ်ရန်အတွက် မိုးကောင်းမြို့နယ်၊ နမ္မတီးတိုက်နယ်က ဦးမောင်ညွှန့်၏ စိုက်ပျိုးပြီးလယ်ကွက် များမှ တစ်ဧကကျော်ကို မိုးကောင်းမြို့နယ် မယက ဥက္ကဌက ယခုလ ၁၄ ရက်နေ့တွင် ပြန်နုတ်ခိုင်းခဲ့သဖြင့် မပခ တိုင်းမှူးက လယ်ပိုင်ရှင်အား နစ်နာကြေးပေးရန် ပြောဆိုခဲ့သည်။

ဦးမောင်ညွှန့်၏ လယ်သည် ယခုလ ၁၀ ရက်နေ့က စိုက်ပျိုးပြီးသွားသော်လည်း ၎င်းလယ်၌ ထွန်တုန်း ပိတ်ပွဲပြု လုပ်ရန် မယက ဥက္ကဌက စိုက်ပြီးစပါးများကို ပြန်နုတ်ကာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကို တိုင်းမှူး သိရှိပြီး ဆုံးရှုံးသွားသည့် လယ်တစ်ဧက၏ စပါးထွက်နုန်းအလိုက် လယ်ပိုင်ရှင်အား လျော်ပေးရန် ထွန်းတုံးပွဲကို တက်ရောက်ခဲ့သူ ဒေသခံက ပြောသည်။

“အဲဒီအတွက် မင်းတို့ တင်း ၇၀ ပြန်လျော်လို့ မယကဥက္ကဌကို ပြောလိုက်ပြီးတော့  မလျော်ရင် ငါ့ကို ပြောစမ်း၊ ဒီဟာ နဲ့ပတ်သက်ပြီး သူတို့(မယက)တွေ ကဂျိုးကကြောင် (မဟုတ်တာ) လုပ်ရင်ပြောစမ်း ဘာညာဆိုပြီးတော့ တိုင်းမှူးကနေပြီးတော့ လယ်ပိုင်ရှင်ကို အဲလိုပြောသွားတာ။”

မြို့နယ်အလိုက် ထွန်တုန်းပိတ်ပွဲများ ပြုလုပ်သည့်အခါတိုင်း တိုင်းမှူးနှင့်အဖွဲ့မှ လာရောက် ကြည့်ရှုလေ့ရှိပြီး လယ် သမားများက ထိုမြို့နယ်၏ နောက်ဆုံးလက်ကျန် လယ်ကွက်အား အပြီးသတ် စိုက်ပျိုးခြင်းဖြင့် ထွန်တုန်းပိတ်ပွဲကို အဆုံးသတ်လေ့ရှိသည်။

ထိုသို့ အပြီးသတ်စိုက်ပျိုးခြင်းကို မယက ဥက္ကဌမှ တိုင်းမှူးအားပြသနိုင်ရန် စီစဉ်ထားခဲ့သည်ဟု ပိတ်ပွဲတက် ရောက်ခဲ့သူ ဒေသခံတဦးက ယခုလိုပြောသည်။

“လယ်တစ်ဧကကျော်ကျော် လောက်ရှိတာပေါ့နော်။ စိုက်ထားတဲ့စပါးပင်တွေကို တိုင်းမှူး အရှေ့မှာ ဟန်ရေးပြလုပ်ဖို့အတွက် နုတ်ခိုင်းတယ်။ နုတ်ခိုင်းပြီးတော့ ပြန်စိုက်ဖို့အတွက် သူတို့က (မယက) အ သင့်ပြင်ထားတယ်ပေါ့။ ပြီးတော့ တိုင်းမှူးရောက်လာရင် ကြည့်ဖို့ဆိုပြီး ကိုက်နှစ်ရာလောက်ရှည်တဲ့ တဲ တခုကိုလည်း ဆောက်ခိုင်းထားတယ်။”  

ထိုဒေသ၌ လယ်တစ်ဧကလျှင် စပါးတင်း ၅၀ မှ တင်း ၇၀ အထိ ထွက်ရှိသည်။

ကချင်ပြည်နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု နောက်ကျပြီး ဒေသအချို့၌ မိုးခေါင်ရေရှားသည့် သဘာဝဘေးဆိုက် ရောက်မှုကြောင့်  တောင်သူလယ်သမားတို့သည် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။