မြန်မာပုဂ္ဂလိက ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား အမေရိကန် အမည်ပျက်စာရင်းထည့်သွင်း

သတင်းနှင့် မီဒီယာ ကွန်ယက်။
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်အစိုးရအပေါ် ဖိအားပေးမှုတိုးမြှင့်သည့် အနေဖြင့် အမေရိကန်အစိုးရက မြန်မာဗိုလ်ချုပ်ကြီးများနှင့် ပတ် သက်ဆက်နွယ်မှုရှိသည်ဟု ယုံကြည်ယူဆရသော လူပုဂ္ဂိုလ် ၅ ဦးနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၇ ခုတို့အား လွန်ခဲ့ သည့် သောကြာနေ့က ထပ်မံ၍ အမည်ပျက်စာရင်းထည့်သွင်းခဲ့သည်။

“မြန်မာအုပ်စိုးသူတွေဟာ မတရားဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ဆိုတဲ့ ကမ္ဘာရဲ့ တရားမျှတတဲ့ တောင်းဆို ချက်တွေကို ငြင်းဆန်နေဆဲဖြစ်တယ်” ဟု သမ္မတ ဂျော့်ခ်ျဒဘလျူ ဘုရှ်က လူပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်း ၁၂ ခုအား ပိတ်ဆို့ အရေးယူကြောင်းကြေညာရာတွင် ထည့်သွင်းပြောကြားသွားသည်။

အမည်ပျက်စာရင်းထပ်မံထည့်သွင်းခံရသူများတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုရှိပြီး စီးပွားရေး လုပ်ပိုင်ခွင့်များ ရရှိနေသည်ဟု အမည်ထွက်နေသော ထူး ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ စီမံခန့်ခွဲမှု မန်နေဂျာနှင့် ပုဂံလေကြောင်း ဦးပိုင် ကုမ္ပဏီလီမိတက် ဥက္ကဌ ဦးတေဇ၊ ဦးပြည့်ဖြိုး တေဇနှင့် ဒေါ်သီတာဇော်တို့ပါဝင်သည်။ ၄င်းအပြင် မြန်မာဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု အမည် ထွက်နေသော ယုဇနနှင့် ဇေကမ္ဘာ ကုမ္ပဏီများမှ ဦးဌေးမြင့်နှင့် ဦးခင်ရွှေတို့လည်းပါဝင်သည်။

အမည်ပျက်စာရင်းဝင် ကုမ္ပဏီများမှာ အထက်ပါ ပုဂ္ဂိုလ်များနှင့် ပတ်သက်မှုရှိကြသည့် ကုမ္ပဏီများဖြစ်သည့် ထူး ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ၊ ပါဗို ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ (စင်္ကာပူ)၊ ပုဂံလေကြောင်း ဦးပိုင်လီမိတက် (စင်္ကာပူ)၊ ပုဂံလေကြောင်း လီမိတက် (မြန်မာ)နှင့် ထူးသစ်ထုတ်လုပ်ရေး လီမိတက် တို့အပြင် ယုဇနနှင့် ဇေကမ္ဘာ ကုမ္ပဏီ တို့ ပါဝင်ကြသည်။ ပါဗို ကုမ္ပဏီမှာ ထူး ကုမ္ပဏီ၏ ညီအမ ကုမ္ပဏီ ဖြစ် သည်ဟု ပါဗို၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။

“အခု စီမံခန့်ခွဲမှု အမိန့်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်သူတွေ ဒါမှမဟုတ် အများပိုင် ငွေကြေးလုပ်ပိုင်ခွင့်ချစားနေတဲ့သူတွေ ဒါမှမဟုတ် အဲဒီလို လူတွေကို ဒါမှမဟုတ် မြန်မာအစိုးရကို ရုပ် ၀တ္ထုနဲ့ ငွေကြေးပံ့ပိုးပေးနေတဲ့သူတွေအပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ဘဏ္ဍာ ရေးဌာနကို အခွင့်အာဏာပေးအပ်လိုက်တာဖြစ်ပါတယ်” ဟု သမ္မတ ဘုရှ်က ထည့်သွင်းပြောကြားခဲ့သည်။

အမည်ပျက်စာရင်းဝင် ကုမ္ပဏီများအနက် ပါဗို၊ ပုဂံလေကြောင်းနှင့် ထူးသစ်ထုတ်လုပ်ရေးတို့မှာ စင်္ကာပူနိုင်ငံနှင့် ဆက်နွယ်လုပ်ကိုင်သော ကုမ္ပဏီများဖြစ်သည်။

အမည်မဖော်လိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက “မြန်မာပြည်က ငွေမာတွေက စင်္ကာပူကပဲ တ ဆင့် ၀င်ထွက်နေတာ၊ စင်္ကာပူကို ပိတ်လိုက်ရင် သူတို့လည်း (အစိုးရလည်း) ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော်တို့လည်း ဘာမှ လုပ်လို့ မရတော့ဘူး” ဟု ပြောပြသည်။

လွန်ခဲ့သည့် တပတ်ကျော်က မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

သို့သော်လည်း မြန်မာအစိုးရက ယခင်လ ဆန္ဒပြပွဲများတွင် ပါဝင်သူများကို ရှာဖွေဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။ အစိုးရ၏ သတ်မှတ်ချက်များကို လိုက်နာပါက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ကျေညာခဲ့ပြီး ဆက်သွယ်ရေး ကိုယ်စားလှယ်တဦးကို ခန့်ထားခဲ့သည့် တချိန်တည်းမှာပင် မူလ ကျေညာ ထားသည့် လမ်းပြမြေပုံ ၇ ချက်၏ တတိယဆင့်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီကို ပြည် သူ့ကိုယ်စားလှယ်များ မပါဝင်ပဲ ဖွဲ့စည်းခဲ့သည်။
 

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။