|
ဆန္ဒပြမှုများ နယ်မြို့များသို့ ပြန့်နှံ့
သတင်နှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
လောင်စာဆီဈေးနှုန်း
ရုတ်တရက်မြှင့်တင်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ရန်ကုန်တွင် ဖြစ်ပွားနေရာမှ
ယနေ့ တွင် အခြားတိုင်း တခုဖြစ်သည့် ရေနံချောင်းသို့ ကူးဆက်ဖြစ်ပွားသွားသည်။
မကွေးတိုင်းရေနံချောင်းမြို့နယ် လောင်စာဆီနှင့်
အခြားကုန်ဈေးနှုန်းကျဆင်းရေးအတွက် မကွေးတိုင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ဦးဆောင်ပြီး လူအင်အား ၆၀ ကျော် ယနေ့နံနက်မှ
နေ့လည်အထိ လမ်းလျှောက် ဆန္ဒပြ ကြသည်။
ယနေ့ လမ်းလျောက်
ဆန္ဒပြရာတွင် လောင်စာဈေးနှုန်းမြင့်မားမှုနှင့် ပတ်သက်၍ ဟောပြောပြီး ယနေ့နံနက် ၈
နာရီအချိန်တွင် မြို့မဈေးမှ မြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးအဖွဲ့
ရုံး (မယကရုံး) အထိ အင်အား ၃၀ ကျော်ဖြင့် လမ်းလျှောက်ဆန္ဒပြကြရာ အင်အား ၆၀
ကျော်ဖြစ်လာသည်အထိ အနီးအနားမှ လူများပူးပေါင်းပါဝင် ခဲ့ကြသည်။
ဆန္ဒပြရာ
လမ်းတစ်လျှောက်တွင် ရဲများ စောင့်ကြည့်ခဲ့သော်လည်း အနှောက်အယှက်
တစုံတရာပေးခြင်း မရှိဟု မကွေးတိုင်း အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ်
လူငယ်တာဝန်ခံ ကိုသန်းအောင် က ပြောသည်။
“နှစ်ယောက်တတွဲတန်းစီပြီးတော့ လျှောက်လာကြတာက။ ကျနော်တို့က အဲလိုပေါ့နော်
လမ်းလျှောက် တာက ဆယ်တစ်နာရီခွဲလောက်မှာ အသွားအပြန်လျှောက်ပြီးတော့ အေးအေး
ချမ်းချမ်း အောင်မြင်ပြီး ဆုံးသွားတယ်။ လုံးဝ အနှောက်အယှက်မရှိဘူး။ ရဲကလည်း
သူတို့ ရဲလုပ်ငန်းအရ သူတို့ဟာ သူတို့ စောင့်ကြည့်တာတွေ၊ ရပ်စောင့်တာတွေတော့
ရှိတယ်။ သူတို့လက်ထဲမှာတော့ နံပါတ်တုတ်ပါတယ်။ မီးသတ်ဝတ်စုံနဲ့
လူလေးငါးခြောက်ယောက် လောက် ပါတယ်ပေါ့။ ကျန်တာကတော့ စွမ်းအားရှင်တို့
ဘာတို့ဆိုတာမပါပါဘူး။ ရဲတွေကလည်း ကလိမ်ကကျစ် မလုပ်ဘူးပေါ့။ ရဲကလည်း
ရဲဝတ်စုံနဲ့ပဲ။ ပြည် သူယောင်မဆောင်ဘူးပေါ့၊ ရေနံချောင်းရဲတွေက အဲတခုတော့
ကောင်းတယ်။”
ရေနံချောင်းမြို့ရှိ
ရုံးပေါင်းစုံရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြရာ မယက ဥက္ကဌက ကောင်းကောင်းမွန်မွန်
မေး မြန်းမှု ရှိကြောင်း ဒေါ်ခင်ဇော်ထွေးက ပြောသည်။
“ဒီကုန်ဈေးကြီးမြှင့်တာဟာ ဓာတ်ဆီဈေးနှုန်း၊ လောင်စာဈေးနှုန်း အစိုးရက
တက်တဲ့အတွက် ဒီလိုဖြစ် ရတဲ့အတွက်ကြောင့် ကျမတို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ဒါကို
မ၀တ ဥက္ကဌ အနေနဲ့လည်း အထက်က နအဖ တွေ သိဖို့ရယ်ပဲ ကျမတို့ လိုလားပါတယ်။ မ၀တ ဥက္ကဌက
ဒီပြဿနာကို မဖြေရှင်းပေးနိုင် ဘူးဆိုတာ နားလည်ပါတယ်လို့။ အဲဒါကြောင့်
ပြည်သူလူထုရဲ့ ရှေ့ကနေပြီး နိုင်ငံရေးသမားဆိုတာ ပြည်သူ့အတွက် အလုပ်လုပ်တာ
ဖြစ်တဲ့ အတွက် ပြည်သူ့ရှေ့က ကျမတို့က မားမားမတ်မတ် ရပ် တည်ပြီးတော့
လှုပ်ရှားပေးတာပါပဲလို့။ ”
လောင်စာဆီဈေးနှုန်း
ကျဆင်းရေးအတွက် ရန်ကုန်မြှို အနှံ့အပြား ၈၈ မျိုးဆက်ကျောင်းသား၊
အဲန်အယ်လ်ဒီနှင့် တသီးပုဂ္ဂလများ၊ သံဃာတော်များ၊ ကျောင်းသား ပြည်သူများ
ရာနှင့်ချီ၍ ယမန်နေ့က ဆန္ဒပြကြရာ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် ပြည်သူအမည်ခံ
လူမိုက်များက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးမှုများ ရှိခဲ့သည်။
ကိုမင်းကိုနိုင်၊
ကိုမင်းဇေယျာ၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ဦးကို
နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန်နှင့်
အမျိုးသားညီလာခံ ပျက်ပြားစေရန် ဆန္ဒပြသွေးထိုး လှုံ့ဆော်ခဲ့မှုဖြင့် သက်ဆိုင်ရာက
ခေါ်ယူထိန်းသိမ်းထားကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
|