ဟတ်ကြီးရေကာတာ စီမံကိန်းရပ်တန့်ပေးရန် ထိုင်းနှင့် မြန်မာလူထုများတောင်းဆို

သတင်းနှင့်မီဒီယာကွန်ယက်၊ နွယ်လေး။
နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းလူထု အခြေပြု အဖွဲ့အစည်းများနှင့်မြန်မာဒေသခံလူထုများ လက်မှတ်ထိုးထားသည့် ဟတ်ကြီးရေကာတာ စီမံကိန်းရပ်တန့်ပေးရန် ပန်ကြားစာကို ထိုင်းဝန်ကြီးချူပ် နှင့် အာစီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မ ရှင် ဥက္ကဌထံ ယမန်နေ့က ပေးအပ်တောင်းဆို လိုက်သည်။

ထိုင်းလူထု အခြေပြု အဖွဲ့အစည်းနှစ်ရာကျော်နှင့်မြန်မာဒေသခံ ရွာသား နှစ်သောင်းကျော် လက်မှတ်ရေးထိုးထား သည့် ပန်ကြားစာကို  ၀န်ကြီးချုပ်ရုံး အပြင်ဘက်မှ သွားရောက်ပေးအပ်ခဲ့သည်ဟု မြန်မာလူထု ကိုယ်စားအဖြစ် ရောက်လာသည့် ကွယ်စေးက ယခုလိုပြောသည်။

“အရေးကြီးဆုံးက ထိုင်းအစိုးရက ရေကာတာမဆောက်ဖို့ ရပ်ဆိုင်းဖို့အာစီယံ လူအခွင့်အရေး ကော်မ ရှင်လည်း ဒီလူ့အခွင့်အရေးချိုးဖောက်မှုကို နီးနီးကပ်ကပ် စောင့်ကြည့်ပေးဖို့”

ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် မြန်မာနိုင်ငံဘက်ခြမ်းမှ လူထုများသည် လုပ်အားပေးခိုင်းစေမှု၊ မုဒိန်းမှု နှင့် ကျေးရွာပြောင်းရွှေ့ခိုင်းမှုများစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရင်ဆိုင်နေရသဖြင့် ထိုင်းလူထုအခြေပြု အ ဖွဲ့စည်းများ၊ ထိုင်းကျေးရွာကိုယ်စားလှယ်များနှင့် မြန်မာလူထု ကိုယ်စားလှယ်များက ယနေ့နံနက်တွင် ပန်ကြား စာ သွားရောက်ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်မည့် အဆိုးအကောင်း အကျိုးသက်ရောက်မှုကို အစိုးရပိုင် ကုမ္ပဏီမှ ထိုင်း ဒေသခံ လူအများ သိရှိအောင် ထုတ်ပြန်ခြင်း မရှိသဖြင့် ဒေသခံများသည် အိုးအိမ်နေရာ ရွှေ့ပြောင်းမှုများနှင့် ဘိုးဘွားလက်ထက်မှ လယ်ယာခြံမြေ ဥယျာဉ်များ ဆုံးရှုံးရမည်ဆိုပါက လက်ခံကြမည်မဟုတ်ဟု Northern Thai Ngo မှ တာဝန်ရှိသူ တစ်ဦးကပြောသည် ။

ရေကာတာ စီမံကိန်းတခုလုံးအား အကောင်အထည်ဖေါ်တည်ဆောက်ရန် ထိုင်းအစိုးရမှ စတင်လက်မှတ်ရေး ထိုးခဲ့သဖြင့် လက်မှတ်ပြန်ရုပ်သိမ်းပေးရန် မျှော်လင့်ပြီး ယခုလိုတောင်း ဆိုခြင်း ဖြစ်သည် ဟုလည်း ကွယ်စေးက ယခုလိုပြောသည်။

“မျှော်လင့်တာက ရေကာတာ တခုလုံးစပြီးတည်ထောင်တာ ထိုင်းအစိုးရပဲမို့ သူတို့ပံ့ပိုးမှုမရှိပဲ ရပ်ရင် ကုမ္ပဏီလဲ ၀င်လို့ မရဘူး ”

သံလွင်ရေကာတာ စီမံကိန်းကြောင့် ကရင်ပြည်နယ်တွင် ရွာပေါင်း ၃၀၀၀ ကျော်ပျက်စီးခဲ့ပြီး ရွှေ့ပြောင်းရသည့် ဒုက္ခသည် ငါးသိန်း ၀န်းကျင်ရှိခဲ့သည့်ပြင် ယခုကဲ့သို့ ပွင့်လင်းရာသီတွင်လည်း ဆည်တည်ဆောက်ရန် နယ်စပ် တလျှောက် ဂိတ်များချကာ အတင်းခိုင်းစေခြင်း ရွာမီးရှို့ခြင်းများ ရှိသည်ဟု ၄င်းကဆက်ပြောသည်။

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ အနီးတွင် တည်ရှိပြီး မီဂါဝပ် (၆၀၀) ထုတ်လုပ်နိုင်မည့်် ဟတ်ကြီးရေကာတာကို ၂၀၀၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်လုပ်ဆောင်ရန် ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှင်စစ်စွမ်း အင် ဝန်ကြီးဌာနတို့ သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။