|
ကေအဲန်ယူနှင့် စစ်အစိုးရတိုက်ပွဲ နှစ်ဦးကျ၊
အရာရှိအပါအ၀င် ၆ ဦးဒဏ်ရာရ
သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)
လက်အောက်ခံတပ် နှင့် မြန်မာစစ်အစိုးရတပ်တို့ ဖြစ်ပွားသည့်တိုက်ပွဲ၌
စစ်အစိုးရတပ်မှ နှစ်ဦး ကျဆုံးပြီး အရာရှိတစ်ဦးအပါအ၀င်
ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူ
တပ်မဟာ(၆) လက်အောက်ခံလှုပ်ရှားတပ်ဖွဲ့မှ အင်အား ၁၅ ဦးနှင့် စစ်အစိုးရ
ခြေမြန်တပ်ရင်း ခမရ ၅၄၇ မှ အင်အား ၈၀ ခန့်တို့ ကနဲလေးကျေးရွာအနီးတွင် ယခုလ ၁၉
ရက်နေ့က ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နယ်မြေခံတပ်မှူး ဗိုလ်ကြီး
စောဘူးဖောက ယခုလိုပြောသည်။
“သူကတပ်ချိန်းလိုက်တာလေ။ စကခချိန်းတဲ့ အချိန်မှာ အဲလို
ရင်ဆိုင်ဖြစ်ပွားခဲ့တာပေါ့။ နေ့လည် ၁၁ နာရီ လောက်မှာဖြစ်တာ။ အဲ့မှာ
နှစ်ယောက်ပွဲချင်းပြီးသွားတယ်။ နောက်ထပ် သူတို့ ခြောက်ယောက် ဒဏ်ရာရတယ်။”
ဒဏ်ရာရသူထဲမှ ဒုတပ်ခွဲမှူး ဗိုလ်ရဲထွဋ်ဝေနှင့် တပ်ကြပ်ကြီးတစ်ဦးတို့
အခြေအနေစိုးရိမ်ရ သည်ဟု စစ်အစိုးရ တပ်နှင့် နီးစပ်သူများကပြောကြောင်း
၎င်းကဆက်ပြောသည်။
“နောက်ကျနော်တို့ သတင်းပြန်ရတာက တပ်ကြပ်ကြီးတစ်ယောက်နဲ့ ဒုခွဲမှူးတစ်ယောက်တော့
စိုးရိမ်ရ တယ်လို့ပြောတယ်။ မြ၀တီကိုရောက်တော့ သေသွားတယ်လို့ အဲလို
ကျနော်တို့တော့ကြားတာပဲ။”
ယခုကာလသည်
စစ်အစိုးရတပ်များ အပြောင်းအလဲပြုလုပ်နေချိန်ဖြစ်ပြီး စစ်ဆင်ရေး
ကွပ်ကဲမှုဌာနချုပ် စကခ (၁၂) နေရာတွင် စကခ (၈) မှ အစားထိုးဝင်ရောက်လာရာ
တိုက်ပွဲကြီးများဖြစ်ပွားမှုမရှိသော်လည်း ပြောက်ကျား နှင့် ရင်ဆိုင်တိုက်ပွဲများ
မကြာခန ဖြစ်ပွားနေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလှငွေက
“အဲ့ဒီဖက်မှာတော့ တိုက်ပွဲတွေကတော့တောက်လျှောက်ဖြစ်နေတယ်။
ကျနော်သိရသလောက်လေ။ အဲ့ဒီဖက်မှာတော့ ခန ခနပဲ သူတို့ဖြစ်တဲ့အခါမှာ
သုံးလေးငါးယောက်ကျတာတို့ ဒဏ်ရာရတာတို့တော့ရှိတယ်။” ဟုပြောသည်။
ကေအဲန်ယူတပ်မဟာ ၂ နယ်မြေ၌လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု
ပိုများလာပြီး စစ်အစိုးရတပ်မှ ထိခိုက်ကျဆုံးသူများတွင် အရာရှိကြီးအဆင့်ထိ
ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“တောင်ငူခရိုင် ထန်းတပင်မြို့နယ်က တပ်မဟာ၂ မှာဆိုရင် ၁၆ ရက်နေ့က ကမူလိုနဲ့
ထီးမူးထာကြား မှာ တိုက်ပွဲတစ်ပွဲဖြစ်တယ်။ ပွဲကြီးတယ်လို့ပြောရမှာပေါ့။ စကခ ၅
လက်အောက်ခံတပ်ရင်းနဲ့ဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ ရန်သူဖက်က ၁၄ ယောက်သေတယ်။ ၁၇
ယောက်ဒဏ်ရာရတယ်။ သေသွားတဲ့အထဲမှာ နည်းဗျူဟာမှူးတစ်ယောက် ပါသွားတယ်။ ၁၈
ရက်နေ့မှာပဲ တောင်ငူခရိုင်မှာပဲ ကျနော်တို့ ရေတံခွန်နဲ့ ပလက်ဝ ကြားမှာ စကခ ၅
ရဲ့ လက်အောက်ခံတပ်က ၅ ယောက်သေတယ်။ ၉ ယောက်ဒဏ်ရာရ တယ်။ သေဆုံးသွား တဲ့ထဲမှာ
ဒုဗိုလ်တစ်ယောက်ပါသွားတယ်။”
လတ်တလောအခြေအနေအရ စစ်အစိုးတပ်နှင့် (ဒီကေဘီအေ) ပူးပေါင်းတပ်တို့ ကေအဲန်ယူ
လက်အောက်ခံ တပ်မဟာ ၅၊ ၆၊ ၇ နယ်မြေများတွင် အင်အားပိုမို ဖြည့်တင်းလာပြီး
စစ်ဆင်ရေးများပြန် လည်ပြုလုပ်လာ နိုင်သည်ဟု ဗိုလ်မှူးစောလှငွေကသုံးသပ်
ပြောဆိုသည်။
ထို့အပြင်
ယခုတစ်ပါတ်အတွင်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် အင်
အား ၁၀၀၀ ခန့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်းသို့ ရောက်ရှိနေသည်ဟု
ကေအဲန်ယူကပြောသည်။
|