|
နိုင်ငံရေးအကျဉ်းသားဟောင်း မြစ်ကြီးနားမြို့တွင် တကိုယ်တော်ဆန္ဒပြ
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၂၄ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာပြည်အထက်ပိုင်း
မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းဆုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်
မြောက်ရေးအတွက် ယနေ့နံနက်တွင် တကိုယ်တော်ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။
နိုင်ငံရေး
အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းလွင်သည် အကျဉ်းသားဝတ်စုံ အဖြူရောင်ကို
ဝတ်ဆင်ထား ၍ ခြေကျင်းခတ်ထားပြီး ‘ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး’ စာတန်းပါသည့်
ပိုစတာကိုင်ဆောင်ထားကာ ဈေး(၁)နှင့် ဈေး(၂) လမ်းကြားတွင်
တကိုယ်တော်ဆန္ဒပြခြင်းဖြစ် သည်။
ဆန္ဒပြပွဲဖြစ်ပွားရာသို့ မျက်မြင်ကိုယ်တွေ့ခဲ့သည့် မြစ်ကြီးနားမြို့ခံ တဦးက
အခုလို ရှင်းပြသည်။
“မြစ်ကြီးနားလေ၊ ဈေး(၂)နဲ့ဈေး(၁)ကြားထဲမှာပေါ့။ တာရိုးနားမှာ လူတယောက်ဆန္ဒပြ
တာဆိုတော့ ကျမ သွားကြည့်တဲ့ခါကျတော့ လူကြီးတယောက်ပေါ့နော်၊
အသက်(၅၀)လောက်ရှိပြီ။ ဦးထွန်းလွင်လို့ ပြောတယ်။ တောင်းဆိုတာက ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး
တောင်းဆိုတာ၊ ပိုစတာလည်း ကိုင်ထားတယ်။ ပိုစတာကိုင်ပြီး ဆန္ဒပြတာ ပေါ့နော်။
သံခြေကျင်းခတ်ပြီး ဆန္ဒပြတာ။”
ဦးထွန်းလွင်သည် နံနက်
၈ နာရီကျော်အချိန်တွင် စတင်ဆန္ဒပြပြီး ၉ နာရီကျော်တွင် လာရောက်ကြည့်ရှု အား ပေးသူ
များပြားလာသဖြင့် ဒေသခံအာဏာပိုင်များ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု အဆိုပါ
မြို့ခံက ဆက်လက်ပြောသည်။
“ကြည့်တယ်။ လူတွေလည်း တော်တော်များများ လာကြည့်တယ်။ လူတွေ
ရုတ်ရုတ်ဖြစ်တာပေါ့နော်။ အဲဒါကြောင့် ကျမလည်း ပြေးပြီး သွားကြည့်လိုက်ရော။
ရဲထင်တယ်။ သူ့ကိုလာဖမ်းသွားတယ်။ သံခြေ ချင်းကလည်း ခြေထောက်မှာ ခတ်ထားသေးတယ်လေ။
အဲဒါ ရဲတွေက သူ့ကို လာဖမ်းသွားတယ်။ ”
တကိုယ်တော်ဆန္ဒပြသူ
ဦးထွန်းလွင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦးဖြစ်၍
နိုင်ငံရေးအမှုဖြင့် ထောင်နှစ်ကြိမ် ကျခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင်
မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသူ ဖြစ်သည်။
|