ရွေ့ပြောင်းအလုပ်သမားအတွက် (၁၀)နှစ်ခံ နေထိုင်ခွင့်လက်မှတ်များ ပြုလုပ်ပေး

နွယ်လေး။
ဇွန်လ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံတွင် တရားမ၀င်ရောက်လာသည့် ရွေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း (၁၀)နှစ်သက် တမ်းခံ တရားဝင် နေထိုင်ခွင့်လက်မှတ် ပြုလုပ်ပေးရန် စာရင်းများ ကောက်ယူလျက်ရှိသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်သည့် တာ့ခ်၊ မဲဆောက်၊ ရနောင်း၊ မယ်ဟောင်ဆောင် စသည့် ဒေသများရှိ တရားမ၀င် အလုပ်လာရောက်လုပ်ကိုင်သူများ အတွက် ဇွန်လ (၁)ရက်နေ့မှ လကုန်သည် အထိ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ဒေသတွင် အမှန်တကယ်နေထိုင်သူများကို  ဓါတ်ပုံနှစ်ပုံနှင့် အတူ မိဘအမည်၊ မိမိအမည်၊ အသက်နှင့် မောင်နှမ အမည်များကို လျှောက်လွှာတွင် ဖြည့်ကာ သက်ဆိုင်ရာသို့သွား၍ လက်ဗွေနှိပ်ပြီး စာရင်းတင်ထားရသည်ဟု မဲဆောက်မြို့ရှိ ယင်းလက်မှတ်ကို ပြုလုပ်မည့်သူ မြန်မာအလုပ်သမားတဦးက ပြောသည်။

“တစ်ရပ်ကွက်ကို လူ၂၀၀လုပ် ပေးမယ်လို့ပြောတယ်။ လုပ်တဲ့လူကများတော့ ပြန်စစ်ပြီး လုပ်ပေး မယ်ကြားတယ်။ အမှန်တကယ်နေလာတာကြာပြီး ပတ်ဝန်းကျင်နဲ့ရင်းနှီးတယ် ခင်တယ်။ ထိုင်းလူမှု ရေး ဘာသာရေးမှာ ၀င်ရောက်တဲ့သူတွေ ပြစ်မှုတွေဘာတွေလဲ မကျူးလွန်ဖူးဘူး ဆိုတာကို ထိုင်းလူ မျိုးက ထောက်ခံပေးရင် လက်မှတ်ရမယ်ပေါ့နော်။ ထိုင်းတစ်ယောက်က မြန်မာအလုပ်သမား ၁၀ ယောက်ကို ထောက်ခံပေးခွင့်ရှိတယ်တဲ့။”

နေထိုင်ခွင့် ကဒ်လက်မှတ်ရှိပြီးသူ ဆွေမျိုးများ အိမ်ထောင်စုတွင်းမှတဆင့် မိမိတို့    ဆွေမျိုးရင်းများဖြစ်ကြောင်း၊ ထောက်ခံချက်ရယူပြီး ရပ်ကွက်ဥက္ကဌမှလည်း ထိုဒေသတွင် အမှန်တကယ် နေထိုင်သူ ဖြစ်ကြောင်း ထောက်ခံ ချက်ရရှိ သူများကိုသာ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များမှ စစ်ဆေးပြီး ဆယ်နှစ်နေထိုင်ခွင့် ကဒ်လုပ်ပေးမည် ဖြစ်ကြောင်း ရွှေပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသော မက်ပ်ဖောင်ဒေးရှင်းအဖွဲ့၏ တာဝန်ရှိ သူ စိုင်းဆိုင်မိန်းမှ ယခုလိုပြောသည်။

“ထိုင်းနိုင်ငံကို (ထိုင်းသက္ကရာဇ်) ၂၅၄၂ ခုနှစ်မှာ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အိမ် ထောင်စုနဲ့ နေထိုင်ခွင့်ကဒ်လက်မှတ် လုပ်ပေးခဲ့တယ်။ အဲဒီတုန်းက ရောက်ပြီး မလုပ်ရ စာရင်းမသွင်း ရတဲ့ မိသားစု ဆွေမျိုး တွေကို ပြန်ပြီးလုပ်ပေးတာ။ တကယ့်အမျိုးတွေဆိုတာ ထောက်ခံပေးရတယ်။ ဥက္ကဌကလည်း  သူတို့ ဒေသမှာ အရင်တည်းကနေလာတာ အမျိုးရင်းတွေ ဖြစ်တယ်ဆိုပြီး သက်ဆိုင် ရာက စစ်ဆေးမေးမြန်းတာကို  ထောက်ခံပေးရတယ်။ ကဒ်လုပ်ခွင့် ရတဲ့ သူတွေဟာ ကဒ်ရပြီးနောက် ပိုင်းမှာမှ အိမ်ထောင်စုစာရင်းတွေ ပြန်ထုတ်ပေး တယ်။”

ချင်းမိုင်ခရိုင် ၀န်းဟိုင်မြို့တွင် ဆယ်နှစ်နေထိုင်ခွင့်ကဒ်ကို  ယခုနှစ် ဇန်န၀ါရီလတွင် စတင်လုပ်ခဲ့ပြီး ကဒ်များကို မတ်လတွင် ထုတ်ပေးခဲ့စဉ်က  ၀ိန်းဟိုင်အုပ်ချူပ်ရေးမှုးက ထုတ်ပေးသည့် ကဒ်ပြားများကို အောက်တိုဘာလမှ စ တင် အသုံးပြုနိုင်မည်ဟု ပြောသည်။

“ဒီကြားထဲမှာ ဒီကဒ်ကို ပျောက်ရှမသွားဖို့နဲ့ ဥပဒေနဲ့ညှိစွန်းတဲ့ ကိစ္စမျိုးနဲ့ ကင်းရှင်းနိုင်ရင် တချိန်မှာ ထိုင်းနိုင်ငံသားကဒ် တရားဝင်ဖြစ်ဖို့အခွင့်အရေးမျိုးလည်းရလာနိုင်မယ်။ ကဒ်လုပ်ရန် ကျန်သူ ဆွေမျိုး တွေရော လုပ်ပြီးမရသေးတဲ့သူရော စိတ်မပူကြပါနဲ့လို့ အသိပေးကြပါ။ ဆက်တိုက် လုပ်ပေးသွား အုံးမှာ ”

ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားအတွက်  အလုပ်သမားလက်မှတ်ရှိပြီးသူများကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ  မေလ (၁) ရက်နေ့မှဇွန်လ (၃၀)ရက်အတွင်း တနှစ် သက်တမ်း ထပ်မံတိုးပေးခြင်းများ ပြုလုပ် ပေးလျှက်ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။