ကချင်ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းကြောင်း ကချင်လူထုအား ရှင်းပြ

ခွန်အောင်မြတ်။
ဇူလိုင်လ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်။

ကချင်ငြိမ်းချမ်းရေးအဖွဲ့များနှင့် ကချင်အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များပါဝင်သော ကချင် ကိုယ်စားပြု ယာယီကော်မတီ တရပ်ကို ဖွဲ့စည်းထားကြောင်း ယမန်နေ့က လူထု အစည်းအဝေးတရပ်တွင် ကချင်ပြည်လွတ် လပ်ရေး အဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များ က ပြောကြားလိုက်သည်။

ကချင်အတိုင်ပင်ခံကောင်စီနှင့် ကချင်လူထုမှ ၃၀ဦး၊ ကေအိုင်အိုအဖွဲ့မှ ဒု-ဥက္ကဌ(၂) ဒေါက်တာတူးဂျာ ဦးဆောင် သည့် အဖွဲ့ဝင် ၁၀ဦး နှင့် ဒီမိုကရေစီ သစ်တပ်မတော်- ကချင် (အဲန်ဒီအေ-ကေ)အဖွဲ့ ဦးစံမိုင် ဦးဆောင်သည့် အဖွဲ့ ၁၀ ယောက် စုစုပေါင်း(၅၀)ဦး ပူးပေါင်းကာ ယာယီကော်မတီ တရပ်ဖွဲ့စည်းထားသည့် အကြောင်းကို ကချင် လူထုအား ရှင်းပြခြင်းဖြစ်သည်ဟု ကေအိုင်အို အဖွဲ့က  ဗိုလ်မှူးကြီးဂွမ်မော်က ပြောသည်။

“အဖွဲ့ဝင်(၅၀)ပေါ့နော် အတိုင်ပင်ခံကော်မီတီမှာ အဓိက ဦးတည်ပြီးတော့မှ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းငယ်လေးဖြစ်ပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ မဟုတ်သေးပါဘူး။ အဓိက ကတော့ ရုပ်မက်ပ်(၇)ချက်အနေနဲ့ ဘယ်လိုသွားနေသလဲ၊ ပြီးရင် ကချင်လူထုအနေနဲ့ ဒီ (၇)ချက်အပေါ်မှာ ဘယ်လို ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်မှာလဲ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ၊ ကျနော်တို့အတွက် ဘယ် လောက်အကျိုးရှိတဲ့ အနေအထားတွေ ဖြစ်လာမလဲဆိုတာကို သုံးသပ်ဖို့ အဓိက တာဝန်ဖြစ်ပါတယ်။”

လတ်တလောတွင် မြန်မာအစိုးရ ချမှတ်ထားသည့် နိုင်ငံရေး လမ်းပြမြေပုံ ၇ ချက်နဲ့ အညီ ကချင်ပြည်နယ်နှင့် ကချင်လူထု အကျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် သွားရန် ယာယီကော်မတီကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

လောလောဆယ်တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အထိ ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်သေးကြောင်း ကေအိုင်အိုက ပြောသည်။

ကချင်ကိုယ်စားပြု ယာယီကော်မတီကို မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်မှ လူထုကို ချပြရှင်းလင်းခြင်း ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။