ကျောင်းသားနှင့် ပြည်သူကို သံဃာတော်များနှင့်  ပူးပေါင်းပါဝင်ရန် ဗကသ တိုက်တွန်း

ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။

ပြည်တွင်းအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ပြည်သူလူထုနှင့် ကျောင်း သားများကို သံဃာတော်များနှင့်အတူ လမ်းလျှောက် ချီတက်ဆန္ဒပြ ပါဝင်ရန် ယနေ့တိုက်တွန်းလိုက်သည်။

“ကျောင်းသားတွေကော ပြည်သူလူထုတွေကော ကျန်ရှိနေကြတဲ့ အဓိကက ကျန်ရှိသေးတဲ့ လမ်းပေါ် မှာ ထွက်မလာကြသေးတဲ့ ကျောင်းသားထု၊ ပြည်သူလူထုအားလုံးက အခုအရှေ့မှာမိမိတို့မျက်မှောက် မှာပဲ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်နေတာကို မျက်ကွယ်မပြုနေပါနဲ့ ဒီအချိန်မှာမှ ရဲရဲဝံ့ဝံ့ မထုတ်ဖော်ရင် မိမိတို့ လိုချင်တဲ့ ဒီမိုကရေစီ စနစ်ကြီးဆိုတာကို ရဖို့ဆိုတာကို ခက်ခဲနေပါလိမ့်မယ်။ ဒီမိုကရေစီ စနစ် ဆိုတာ ပြည်သူလူထုက ပူးပေါင်းပါဝင် တောင်းဆိုမှ ရမှာပါ။ မည်သူတစ်ယောက်ကိုမှ အားကိုးနေလို့ မရပါဘူး။ လက်ရှိ လူထုကြီးက လမ်းပေါ်မှာ ရောက် နေပါပြီ။ ဒါကို မျက်စိမှိတ်ပြီး မနေပဲနဲ့ အားလုံး ထွက်လာကြပါလို့ ကျနော် ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်။” ဟု ဗကသများအဖွဲ့ချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က ပြောသည်။

လမ်းလျှောက်ဆန္ဒပြပွဲတွင် သံဃာထုနှင့်အတူ တက္ကသိုလ်ကျောင်းသားများလည်း ပူးပေါင်းပါဝင်နေပြီဖြစ်ကြောင်း ၄င်းက လမ်းလျှောက်ဆန္ဒပြရင်း ဆက်လက် ပြောသည်။

“အခုဆိုရင် ကျောင်းသားထု တော်တော်များများ ပါဝင်နေပါပြီ။ အခြေအနေ အရပ်ရပ်ကြောင့်ပဲ တချို့တ၀က်က ကျန်ရှိနေတာပါ။ တချို့တ၀က်ကလည်း စာမေးပွဲတွေ ရှိတဲ့အတွက် တချို့ကျောင်း သားတွေက စာမေးပွဲအချိန်နဲ့ တိုက်နေတဲ့ သဘောမျိုးတွေ တချို့ကျတော့ စာတွေနဲ့ လုံးပန်းနေရတဲ့ အတွက် မထွက်လာနိုင်သေးတာပါ။ နောက်ပိုင်းမှာ သူတို့ထွက်လာတော့မှာပါ။”

ဗကသများအဖွဲ့ချုပ်သည် လူထုအားနိုးဆော်တိုက်တွန်းသည့်စာများကို အထက်တန်း ကျောင်းများ၊ တက္ကသိုလ် များ နှင့် ရန်ကုန်မြို့တွင်းတွင် ဖြန့်ဝေခဲ့သည်။

ရဟန်းသံဃာတော်များဦးဆောင်ပြီး မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ဖတ်ရင်း လမ်းမပေါ် ကြွချီဆန္ဒပြပွဲ (၇) ရက် ပြည့်သောနေ့တွင် ဗကသများအဖွဲ့ချုပ်မှ စတင်ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။