လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်

ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။

ရဟန်းသံဃာတော်များ တောင်းဆိုဆန္ဒပြသည်ကို ထောက်ခံအားပေးသည့်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ် စားပြုကော်မတီ(စီအာပီပီ)အဖွဲ့ဝင်များကလည်း ယနေ့ မွန်းလွဲပိုင်းတွင် သံဃာတော်များနှင့် ပူးပေါင်း၍ လမ်း လျှောက် ဆန္ဒပြခဲ့သည်။

တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ဦးသာဘန်း၊ ဦးကမ်းလျံ၊ ဦးကျော်မြင့်နှင့် ဒေါက်တာအောင်တင်ဦး အပါအ၀င် တိုင်းရင်းသားလူငယ်များ ၂၀ကျော် မြို့တော် ခန်းမတွင် စုရပ်ဆုံကြပြီး ဗိုလ်မြတ်ထွန်းလမ်းအထိ မွန်းလွဲ ၁နာရီမှ သုံးနာရီအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စစ်အစိုးကို သံဃာတော်များ တောင်းဆိုသည့် အချက်လေးချက်လုံးကို ထောက်ခံအားပေး သည့် အနေဖြင့် ဆန္ဒ ပြရခြင်းဖြစ်သည်ဟု စီအာပီပီ၏ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ယခုလိုပြောသည်။

“အဓိကကတော့ သံတော်တွေရဲ့ တောင်းဆိုတဲ့အချက်လေးချက်ပေါ့နော် လေးချက်စလုံးကို အန်ကယ် တို့အနေနဲ့ ထောက်ခံပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ ဒီကနေ့ နိုင်ငံရေး အကျပ် အတည်းဖြေရှင်းရမယ့် တခုတည်းသော ထွက်ပေါက်လည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ တ ခြား နိုင်ငံရေးအဖွဲ့အစည်းတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့ အပေးအယူလုပ်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့ လိုအပ်နေတဲ့ အချိန် အခါဖြစ်ပါတယ်။ ဒီလို အချိန်အခါမျိုးမှာ သံဃာတော်တွေရဲ့ တောင်းဆိုချက်ဟာ အလွန်မှ မြင့်မြတ်တဲ့ လိုအပ်တဲ့ အချက်တချက် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒါကို ထောက်ခံတာ ဖြစ်ပါ တယ်။”

သံဃာတော်များ၏ ဦးဆောင်မှုနောက်ကို စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့အစည်းများ၊ လက်နက်ကိုင် ဆက်တော် လှန်နေသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအားလုံး ပူးပေါင်းပါဝင်ကြဖို့ အချိန်သင့်ပြီဟု ဦးအေးသာအောင် က တိုက်တွန်းသည်။

“အားလုံးပေါ့နော် နိုင်ငံတော် အကျိုးအတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရော၊ အပစ်အခတ်ရပ်စဲမှု မရှိပဲနဲ့ လက်နက်ကိုင်ပြီးတော့ တိုင်းကျိုးပြည်ကျိုး အဖွဲ့အစည်း တွေရော အားလုံးသော အဖွဲ့အစည်းများအနေနဲ့ ဒီနေ့ သံဃာ တော်တွေရဲ့ ဦးဆောင်ပြီးတော့ တောင်းဆိုနေတဲ့ ကျိုးပမ်းဆောင်ရွက်နေတဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွှတ်ညွှတ် လက်တွဲပြီးတော့ ပါဝင်သင့်တယ်လို့ အန်ကယ့်အနေနဲ့မြင်ပါတယ်။”

ယနေ့ ရန်ကုန်မြို့တွင် ရဟန်းသံဃာဦးဆောင်ပြီး စစ်ကြောင်းလေးကြောင်းခွဲ၍ ဆန္ဒပြရာတွင် သက်ကြီး ရွယ်အို များ၊ လူငယ်ကျောင်းသားများ၊ သီလရှင်များအပါအ၀င် ပြည်သူလူထု သိန်းနှင့်ချီ၍ ပူးပေါင်းပါဝင်ပြီး ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာရေး တို့ကို တောင်းဆိုသော စာတမ်းများ ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။