|
တောင်ဖျားစွန်းထိ သံဃာတော်တွေ ကြွချီဆန္ဒပြကြပြီ
ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာပြည်တောင်ဖျားစွန်း တနင်္သာရီတိုင်း ကော့သောင်မြို့တွင်လည်း ပထမဆုံး
အကြိမ်အဖြစ် ယနေ့မွန်းလွဲ ၁ နာရီတွင် သံဃာတော် ၃၁ ပါး မေတ္တာသုတ်ပရိတ်တရား
ရွတ်ဖတ်ပြီး မြို့ထဲတွင် ကြွချီဆန္ဒပြခဲ့ကြသည်။
မြို့လယ်ကျောင်းတိုက်ဆရာတော်က ဦးဆောင်ကာ သာသနာ့အလံကို ကိုင်ဆောင်ပြီး၊
ဆရာတော်ကြီး နောက်မှ ရဟန်းတော်တပါးက သပိတ်ကိုမှောက်ပြီး ကိုင်ဆောင်လာကာ
ကျန်သံဃာတော်များက နှစ်ပါး တတန်း စီတန်း၍ ပရိတ်ရွတ်ပြီး ကြွချီဆန္ဒပြခြင်း
ဖြစ်သည်ဟု မျက်မြင်သက်တဦးက ပြောသည်။
“ကျနော်တို့
မြို့အလယ်အ၀ိုင်းကနေစပြီးတော့ ဒီမြို့လယ်ကျောင်းတိုက်ဆရာတော်ကနေ ဦးဆောင်
ပြီးတော့ သံဃာတော် ၃၁ ပါးဟာ နေ့လည်က လှည့်လည်တာပေါ့နော်။ ၁နာရီ ၂၈ မိနစ်မှာ
ကျနော် တို့ မြို့အထဲထဲကို ရောက်လာတယ်။ ဈေးတန်းတလျှောက် ပတ်ပြီးတော့ ဒီ ရှိတဲ့
ရပ်ကွက် တွေကြားထဲကနေပြီးတော့ တကယ်ငြိမ်းချမ်းစွာနဲ့ သွားပြီးတော့ တရားဓမ္မ
တွေရွတ်ပြီးတော့ အေး ချမ်းစွာနဲ့။ အဲဒီနေရာမှာ လူအပြင်ထွက်လာပြီးတော့ပေါ့နော်
လှူသင့်တာလှူပြီးတော့ အအေးလှူမယ် ဆိုလည်း အအေးလှူကြတာပေါ့။ ကျနော်တို့
နေရာမှာကျတော့ ဆိုင်ကယ် ပေါတယ်လေ။ ဆိုင်ကယ် နဲ့ လူတွေလည်းလိုက်တာပေါ့။”
ကြွချီဆန္ဒပြရာ
လမ်းတလျှောက်တွင် ပြည်သူလူထု ၄၀၀ကျော် ဆိုင်ကယ်ဖြင့် လိုက်ပါ အားပေးခဲ့ကြပြီး
အာဏာ ပိုင်များလည်း လိုက်လံစောင့်ကြည့်သည်ဟု ၄င်းကပြောသည်။
“တခုရှိတာ
ဘာရှိလဲဆိုတော့ ဒီအရပ်သားတွေအပြင်ကို တပ်ထဲက လူတွေ၊ နောက်ပြီးတော့ စအဖ တွေ၊
နောက် ရဲတွေ အဲဒါ သူတို့က မာစီးဒီးတွေနဲ့ အနောက်ကို လိုက်ကြည့် နေတယ်။”
သံဃာတော်များ
ပရိတ်တရားတော်ရွတ်ဆိုပြီး ကြွချီချိန်တွင် မိုးသည်းထန်စွာ ရွာသော်လည်း
ပြည်သူလူထုများက လမ်းဘေးတလျှောက်တွင် စောင့်မျှော်အားပေးသူများ၊
လှူဖွယ်ပစ္စည်းဆက်ကပ် လှူဒါန်းသူများ အများပြားရှိ သည်ဟု သိရသည်။
မြန်မာနိုင်ငံအနှံ့
ရဟန်းတော်များဦးဆောင် ဆန္ဒပြကြသည်မှာ ယနေ့တွင် ၇ ရက် မြောက်ဖြစ်သည်။
|