|
မြန်မာနိုင်ငံအရေးကို ပိုမို ကူညီဆောင်ရွက်ပေးရန် ကုလအားတောင်းဆို
နွယ်လေး။
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်။
ယနေ့ကျရောက်သည့် (၆၃)
ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့တွင် ထိုင်းနိုင်ငံတွင်းရှိ မြန်မာအရေး
လှုပ်ရှားသည့် Peace For Burma (မြန်မာနိုင်ငံ ငြိမ်းချမ်းရေး) အဖွဲ့မှ
ကမ္ဘာ့ကုလသမဂ္ဂအား မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ယခုထက်ပိုမိုကူညီရန်
အကြံပြုသည့် အိတ်ဖွင့်ပေးစာ ကို ဘန်ကောက် ရှိ ကုလသမဂ္ဂ သတင်း ပြန်ကြားရေး ဌာန
(UN Information Service) ရုံးသို့ ပေးပို့သည်။
ကုလသမဂ္ဂ အနေဖြင့်
သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာစေရန်နှင့်
မုန်တိုင်းဒုက္ခသည်များအတွက် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုများ
ပေါ်ပေါက်လာရေးအတွက် ပိုမိုတွန်းအားပေးရန် တောင်းဆိုခဲ့ကြောင်း Peace For Burma
အဖွဲ့မှ တာဝန်ရှိသူ ကိုကျော်လင်းဦးက ပြောသည်။
“ကျနော်တို့ အဓိက
အချက်ကတော့ UN အနေနဲ့ပေါ့လေ နအဖကို နိုင်ငံရေး အကျဉ်းသားတွေ လွတ် ပေးဖို့အတွက်
ဖိအားပေးဖို့ ၊ ဒေါ်စုနဲ့ နအဖကြားမှာ ဒိုင်ယာလော့ မဖြစ်ဖြစ်အောင် ကြားဝင် ဆောင်
ရွက်ပေးဖို့၊ မြန်မာပြည် လူ့အခွင့်အရေး အခြေအနေတိုးတက်လာဖို့၊
နာဂစ်မုန်တိုင်းတွေနဲ့ ပတ် သက်လို့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်အောင် UN
ကဆောင်ရွက်ပေးဖို့ တောင်းတယ် ”
ကုလသမဂ္ဂ
အတွင်းရေးမူးချုပ် မစ္စတာ ဘန်ကီမွန်းကို အဓိကလိပ်မူထားသည့် ၄င်းစာကို ယနေ့
ဆယ့်တစ်နာရီ တွင် ဘန်ကောက်ရှိ UN ရုံးသို့ သွားရောက်ပေးပို့ရာတွင်
တာဝန်ရှိသူတဦးက လာရောက်လက်ခံယူပြီး အထက် လူကြီးထံ တဆင့်တင်ပြပေးသွားမည်ဟု
အကြောင်းပြန်ခဲ့သည်။
လာမည့် ဒီဇင်ဘာ
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံခရီးစဉ်အတွင်း
မြန်မာနိုင်ငံအရေး တိုးတက်မှုရှိစေရန် မဖြစ်မနေ အားထုတ်ကြိုးပမ်း
ဆောင်ရွက်ပေးရန် လိုအပ်နေပြီး ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် အထူးအကြံပေး မစ္စတာ
ဂမ်ဘာရီ ဆွေးနွေးစေ့စပ်ခြင်း ၀င်ရောက်ကူညီမှုတွင် လိုအပ်ချက်များ ရှိနေသေး
ကြောင်းလည်း ၄င်းကဆက်ပြောသည်။
Peace For Burma
အဖွဲ့သည် မြန်မာ့အရေးလှုပ်ရှားသည့် အဖွဲ့(၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့်
အဖွဲ့တခုဖြစ်ပြီး ယခု ပထမဆုံးအကြိမ် ကုလသမဂ္ဂ ထံ တင်ပြတောင်းဆိုခြင်းဖြစ်သည် ။
|