ပေါက်ယိုချန်း နအဖကိုယ်စားလှယ်နှင့်တွေ့မည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဖေဖေါ်ဝါရီလ ၂၅ရက်၊ ၂၀၁၀ ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင်ရောက်ရှိနေသည့် စစ်ဖက်ရေးရာအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ ဆုံရန် (၀)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဥက္ကဌ ပေါက်ယိုချန်း ဦးဆောင်ပြီး ယနေ့ မနက်ပိုင်း က ၀ဌာနချုပ်ပန်ဆန်းမှ ထွက်ခွာသွားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ(၆)ရက်ကတကြိမ်၊  ဖေဖေါ်ဝါရီ(၆)ရက်ကတကြိမ်၊ အခု(၁၄)ရက်ကတကြိမ် ရှမ်းပြည် မြောက် ပိုင်း လားရိုးမြို့တွင် တွေ့ဆုံရန် နအဖဘက်က ပေါက်ယိုချန်းကို ခေါ်ယူခဲ့သော်လည်း ကျန်းမာရေးအရ မတွေ့ နိုင်ကြောင်း ငြင်းဆိုထားခဲ့ရာ ယခုတကြိမ်တွင် တန့်ယန်းမြို့တွင် တွေ့ဆုံရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ် သည်။

“ဦးပေါက်ယိုချန်းနဲ့အတူ လူပေါင်း (၁၀၀)လောက်ပါသွားတယ်။ သူ့ကျန်းမာရေး ဆရာဝန်လည်း ခေါ် သွားတယ်။  တန့်ယန်းကို ဒီညနေလောက်မှ ရောက်တာ။ ဒီည တန့်ယန်းမှာ ညအိပ်မယ်။  မနက်ဖန် မှ ဆွေးနွေးပွဲ လုပ်မယ်။” ဟု ၀ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

အင်အား သုံးသောင်းဝန်းကျင်ရှိသည့် ၀တပ်ဖွဲ့အား အင်အားသုံးထောင်အထိ လျော့ချကာ နယ်ခြားစောင့် တပ်အ သွင်ပြောင်းရန် မြန်မာစစ်အစိုးရက ပြီးခဲ့သည့်နှစ်၊ ဧပြီလကတည်းက တောင်းဆိုထားခဲ့ပြီး (၀)တပ်ဖွဲ့က မိမိ တပ်ဖွဲ့ဝင်များဖြင့်သာဖွဲ့စည်းလိုကြောင်း အကြောင်းပြန်ခဲ့ရာနှစ်ဖက်အကြားပြေလည်မှုမရဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသည်။

ဝတပ်ဖွဲ့နှင့် နအဖအကြား ပြီးခဲ့သည့် နိုဝင်ဘာလ(၁၄)ရက်နေ့က တန့်ယန်းမြို့တွင် ဒု-ဥက္ကဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် (၀)ကိုယ်စားလှယ်များနှင့် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်တို့ တွေ့ဆုံမှုအတွင်း ၀တပ်ဖွဲ့က နယ်မြေဒေသ ကိစ္စ၊ တပ်ဖွဲ့စည်းပုံကိစ္စ၊ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၀န်ထမ်းခန့် ထားရေးကိစ္စ၊ အခွန်ကောက်ခံရေး ကိစ္စ စသည့် အချက်ကိုးချက်ပါ (၀)တပ်ဖွဲ့၏ တောင်းဆိုမှုကို နအဖဘက်က ငြင်းဆိုလိုက်ပြီး ဒီဇင်ဘာ နောက် ဆုံးထားကာ အကြောင်းပြန်ရန် ရက်သတ်မှတ် ခဲ့သော်လည်း နှစ်ဖက်အကြား ရှေ့မတိုးနောက်မဆုတ် အခြေအ နေဖြစ်နေခဲ့ရာမှ ဆွေးနွေးပွဲ ပြန်စလာခြင်း ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။