စစ်တပ်က လုပ်အားပေးခေါ်၊ မလိုက်ရင် ဒဏ်ငွေရိုက

စောရန်နိုင်။                                                                                                            မေလ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။

ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်တွင် နအဖစစ်တပ်က ဒေသခံရွာသားများကို အတင်းအကျပ် လုပ်အား ပေး ခေါ်ယူနေကာ မလိုက်ပါသူများကို တအိမ်ထောင်လျှင် တရက် ကျပ်ငွေ  ၄၀၀၀ ကျပ် ဒဏ်ရိုက်နေကြောင်း ဒေသခံ တဦးက ပြောသည်။

မိုးတွင်းကာလတွင် စစ်တပ်ရိက္ခာများကို ကားဖြင့် ပို့ဆောင်မရသောကြောင့် ဒေသခံ ရွာသားများကို ခြေလျင်ထမ်း ပိုး သယ်ယူစေရန်အတွက် အတင်းအကျပ် လုပ်အားပေး ခေါ်ယူနေခြင်း ဖြစ်သည်၊

“နွေရာသီကားလမ်း။ ဒီနော်တယာကားလမ်း ကနေပြီးတော့ ဒါဒဲ (ကျေးရွာ) ကို သူတို့ ဒီတပ်ရင်း၊ ဌာ နချုပ်စခန်း သွားတဲ့ကားလမ်းဟာ အခုမိုးရွာတော့ အဲ့ဒီမှာရှိတဲ့ ရွာသားတွေပေါ့။ တအိမ် တယောက် ပေါ့လေ၊ မလာမနေရ အဲဒါ ဟို ဆန် သယ်တယ်၊ ဆီ၊ ပဲ၊ ငါးပိ၊ စစ်အသုံး အဆောင်ပစ္စည်းတချို့ ပေါ့လေ။ အဲ့ဒီစစ်ဗိုလ်ပစ္စည်း ရိက္ခာ အတွက်ပေါ့ သူတို့ လာမယ့်နှစ် အတွက်ပါ ရဲဘော် အသုံးအ ဆောင်ပစ္စည်းတွေပါ ပို့တယ်လေ အဲ့ဒီမှာ။ အခုဟာ နေ့တိုင်းပဲနော်။ အခုထက်ထိ ပို့တုန်းပဲ” ဟု အမည် မဖေါ်လိုသည့် ဒေသခံတဦး က ပြောသည်။

လုပ်အားပေးမသွားသည့် ရွာသားများကို တအိမ်ထောင်လျှင် တရက်ကို ကျပ်ငွေ ၄၀၀၀ ကျပ် ဒဏ်ရိုက်ပြီး ရိက္ခာ သယ်ယူမှုလုပ်ငန်းပြီးဆုံးသည်အထိ အစအဆုံးမလိုက်ပါနိုင်သူများကို ကျပ်ငွေ ၂သိန်း အထိ ဒဏ်ရိုက်ကြောင်း ၄င်းက ပြောသည်။

ရွာသားများသည် လုပ်အားပေးလိုက်ပါနေကြရသဖြင့် ကိုယ်ပိုင်အလုပ်ကိုမလုပ်နိုင်ဘဲ အခက်အခဲများ ရှိကြောင်း ယင်းဒေသခံရွာသားက ယခုလို ဆက်လက်ပြောသည်။

“တချို့ရွာသားတွေက မတတ်နိုင်တော့ဘူးလေ။ သူတို့ဟာ အခုအချိန်တန်ပြီ။ တောင်ယာ ဆူးထိုးရ မယ်၊ တချို့က တောင်ယာသွားခုတ်ရမယ်၊ တချို့က လယ်တွေ ဘာတွေ မိုးရွာလာပြီးဆိုတော့ အလုပ် လုပ်ရမယ်၊ အလုပ်လုပ်လို့ မအားဘူးလေ။ တချို့ကျတော့လည်း လူငယ်တွေဆိုရင်လည်း ကျောင်းနေ ဘာနေ မအားတော့ဘူးလေ။ တအိမ် မသွားမနေရ ဆိုတော့။ သူတို့လက်ထဲမှာက လူသေနိုင်တဲ့ ပစ္စည်းဆိုတော့ အားလုံးကြောက်ကြ တာပေါ့။”

ပိုင်ကျုံမြို့နယ်တွင် နေထိုင်သည့် ရွာသူရွာသားများသည် အဓိကအားဖြင့် တောင်ယာခုတ်ခြင်းနှင့် လယ်ယာ စိုက် ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်သည်။

လုပ်အားပေးခိုင်းစေခံရသော ဒေသခံရွာသားများမှာ ဒါဒဲ၊ ကားထ၊ သေ့ကားထ၊ သစ်မော်ကူ့၊ ဝေါ်ကျော့၊ ထီးက ဟော၊ ၀မီကလား၊ မယ်လာအား၊ မယ်လာအားခီး၊ စီဖိုးခီ၊ မယ်ကဲ၊ မယ်ဖိုးခီး စသည့်ကျေးရွာများမှ ရွာသူရွာ သားများဖြစ်ကြပြီး တနေ့လျှင် ရွာသား ၁၀၀ ကျော် နေ့စဉ် လုပ်အားပေးသွားနေရသည်ဟု အထက်ပါ ဒေသခံရွာ သားက ပြောသည်။

လုပ်အားပေးကို နယ်မြေခံ ဒီကေဘီအေစစ်သားအပါအ၀င် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စိုးဟန် ဦးဆောင်သည့် လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက် ခလရ ၃၃၈ က ခေါ်ယူစေခိုင်းခြင်းဖြစ်သည် ဟု ကေအဲန်ယူ တပ်မဟာ (၇) မှ အရာရှိတဦးက ပြောသည်။

ယခုနှစ် မတ်လ ၂၆ ရက်နေ့တွင် မြန်မာစစ်အစိုးရသည် အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ဆက်လက်ပြုလုပ် မည် မဟုတ်ကြောင်းနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့် ပတ်သက်၍ တိုင်ကြားသူများကိုလည်း အရေးယူအပြစ် ပေးခြင်း မပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labor Organization) နှင့် သ ဘော တူညီချက် စာချုပ်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။