အမျိုးသမီးနေ့ ကြက်ဆူစိုက်ခင်း မန်စီလူထု လုပ်အားပေးရ

သတင်းနှင့်မီဒီယာ ကွန်ယက်။                                                                                              ဇွန်လ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာအစိုးရ သတ်မှတ်ထားသည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကချင်ပြည်နယ် မန်စီမြို့ တွင် ကြက်ဆူပင် စိုက်ပျိုးခင်းစိုက်ပျိုးရာ အရပ်သားများ၏ လုပ်အားကို အခမဲ့ အသုံးပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကြက်ဆူပင်စိုက်ခင်းကိုလုပ်အားပေးအနေဖြင့် ရက်သတ္တတပတ်ကြာ အတင်းအကျပ်စိုက်ပျိုးခိုင်းခဲ့သည်ဟု ဒေသ ခံ တဦးက ပြောသည်။

“မြန်မာအမျိုးသမီးများနေ့ဆို အမှန်ဆို ဌာနဆိုင်ရာတွေ လုပ်ရမယ့်အကွက်ဘဲ။ အဲဒီအထိမ်းအမှတ် အနေနဲ့ သူတို့လုပ်ရမယ့်ဟာကို ရွာသားတွေကို ခိုင်းတာ။ တရက်မလာရင် ကျပ် ငါးထောင်တဲ့။ ခိုင်း တာ တပတ်တိတိပါဆို။”

ဗန်းမော်-မန္တလေးကားလမ်းပေါ်ရှိ မန်စီမြို့အခြေစိုက် ခမရ(၃၁၉)နှင့် သစ်တောဂိတ်(ခ) သရက်ပင်ဂိတ်ကြား ကားလမ်းဘေးတလျောက်တွင် ကြက်ဆူပင်များကို ဧကအတော်များများ စိုက်ပျိုးခဲ့ရပြီး မန်စီမြို့ပေါ်ရှိ ဒေသခံ များက မြို့နှင့်တမိုင်ကျော်အကွာဝေးရှိသည့် ကြက်ဆူပင်စိုက်ခင်းသို့ လုပ်အားပေးလိုက်ခဲ့ကြရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“တောင်ယာလုပ် လယ်လုပ် လုပ်ကိုင်စားသောက်ရတဲ့အချိန်ဆိုတော့ လူတွေက မသွားနိုင်တော့ တ ရက်ကို မလာရင် ငါးထောင် ငါးထောင် လိုက်ကောက်တာ။ မောင်းတီးပြီး ရွာဆော်က လိုက်အော်နေ သေးတယ်။ ခေါ်သွားတယ်ကော ကလေးနို့တိုက်တွေကော၊ နို့တိုက်ကလေး တန်းလန်းကော၊ က လေးပိုးကော ထမင်းထုပ်ကော၊ ဟိုမှာ တဲလည်မရှိ၊ မိုးကာနဲ့ နေကတအားပူ၊ ဒီနေ့ နေတအား ပူတယ်၊ မနေ့ကဆို တနေကုန် မိုးရွာတယ်။ မိုးရွာရင်လည်း လုပ်ရတာပါ့၊ နေပူရင်လည်းလုပ်။”

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မန်စီမြို့အနီးတွင် ကြက်ဆူပင်စိုက်ပျိုးခင်း ဆိုင်းဘုတ်တင် သည့်ပွဲကို ယနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး မြ၀တီရုပ်-သံဌာနမှ လာရောက်  ဗွီဒီယိုရိုက် မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းတင်သည့် အချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးနေသည့် ပုံစံဖြင့်သာ မှတ်တမ်းတင်ပြီး လူထု လုပ်အားပေးမှုကို မှတ်တမ်းတင်ခြင်းမပြုဟု ဒေသခံများက ပြောသည်။

“ဒီနေ့ဗွီဒီယိုရိုက်တော့ ရွာသားတွေမပါဘူး။ ဌာနဆိုင်ရာတွေဘဲ ပြေးလာကြတယ် ဆိုင်ကယ်အသီးသီး နဲ့၊ ဘုရားတည်တော့ ရွာသားတွေ၊ ပြီးသွားတော့ သူကြီးကောင်းမှု ဖြစ်သွားတာပေါ့။ ဒီမနက်  ဗွီဒီယို ရိုက်တာ ရွာသားတွေများ ပါမလားဆို တယောက်မှ မပါဘူး။ သူတို့ မိခင်နဲ့ကလေးတွေ၊ အမျိုးသမီးရေးရာတို့ ဌာနဆိုင်ရာ အားလုံး၊ အားလုံး၊ One Set  (ဆင်တူဝတ်စုံ)တွေချည်းဘဲ ရိုက် ကြတာ။ တကယ်လုပ်တာက ရွာသားတွေပေါ့။ တပတ်တိတိလေ ဒီနေ့နဲ့ဆို။ ” ဟု မန်စီဒေသခံက ပြော သည်။

မြန်မာနိုင်ငံတွင် လုပ်အားပေးမှုများ ရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ် ILO က တောင်းဆိုထားခဲ့သကဲ့သို့ မြန်မာစစ် အစိုးရ ကလည်း လုပ်အားပေးခြင်းမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုကာ လုပ်အားပေးရပ်တန့်ရန် ကြေညာချက် ထုတ်ထားခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။