ကရင်နီတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွား

ခွန်အောင်မြတ်။                                                                                                        ဇွန်လ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။

တောပြန်ခိုလာသည့် ပအိုဝ်းနီ အဖွဲ့ကို ကြိုသည့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(ကေအဲန်ပီပီ)မှ တပ်ဖွဲ့ ၀င်များနှင့် မြန်မာစစ်အစိုးရ တပ်များ တိုက်ပွဲဖြစ်ပွားရာ ကေအဲန်ပီပီဖက်မှ တပ်သားအချို့ လက်နက်နှင့်အတူ ဖမ်းဆီးခြင်းခံကြသည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူးကပြောသည်။

ယခုလ ၂၃ ရက်နေ့တွင် ကယားပြည်နယ်နှင့် ထိုင်းနယ်စပ် မယ်စဲ့မြို့ မြောက်ဖက် မိုင် ၅၀ ခန့်၊ ထိုင်းနိုင်ငံ ကွန်ယွမ်း မြို့ အနီးတွင် ကေအဲန်ပီပီနှင့် မြန်မာစစ်တပ်ဖက်မှ ခြေလျှင်တပ်ရင်း ၂၃၅ တို့ တိုက်ပွဲဖြစ်ပွားရာ တပ် ကြပ်ကြီး နှစ်ယောက်နှင့် တပ်သား တဦး ကျဆုံး သွားခဲ့သည်ဟု ကေအဲန်ပီပီ အထွေထွေအတွင်းရေးမှူး ခူးရီမွန် ထူးက ပြောသည်။

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားပြီး မကြာသေးမီ ရက်အတွင်းမှ တောတွင်းသို့ ပြန်ခိုလာသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ကေအဲန်ပီပီ တပ်မတော်က သွားကြိုချိန်တွင် ယခုလ ၂၀ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ပက်ပင်းတိုးမိရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဟွေလန်းမှာလေ ဟွေလန်းဆိုတာ သံလွင်မြစ်နားမှာ သူတို့(ရလလဖ)ကို သွားကြိုရင်းနဲ့ ကူးတဲ့ အချိန်မှာ တာတမောမှာ တပ်စွဲထားတဲ့ နအဖ ခလရ ၅၀၈ က တပ်ကင်းထွက်တော့ ကျနော်တို့ ကူးတဲ့အချိန်မှာ သူတို့နဲ့ ပက်ပင်းတိုးတယ်လေ။ တိုးတဲ့အခါကျတော့ ကျနော်တို့ ဖောင်က မျောသွား တာ ပေါ့နော်။ မျောတဲ့အချိန်မှာ သူတို့က စခန်းကနေ လူတွေက စက်လှေနှစ်စီးနဲ့ ကျနော်တို့လူတွေ လိုက်ပစ်တော့ အဲမှာ သူတို့က ကျနော်တို့ ကရင်နီ တပ်မတော်သား ၄ ယောက် လက်နက်ခဲယမ်း နဲ့အတူ ဖမ်းမိသွားတယ်။”

ယခုလ လယ်ပိုင်းတွင် အပစ်ရပ်ထားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)မှ တပ်ဖွဲ့ဝင်များ တောပြန်ခိုကာ ကရင်နီနယ်မြေသို့ ခိုလှုံလာသည်ကို မြန်မာစစ်တပ်က စစ်ကြောင်း သုံးကြောင်း ဖြင့် လမ်းမှ ပိတ်ဆို့ထားခဲ့သည်။

သံလွင်အနောက်ဖက်ကမ်းရှိ စစ်အစိုးရ ခြေလျှင်တပ်ရင်း ၅၀၈ တပ်စွဲထားသည့် တာတမော အနောက်ဖက်ရှိ တဘို့လဲ ရွာအနီးတွင် ၂၂ ရက်နေ့တွင် ကေအဲန်ပီပီနှင့် ရလလဖ တပ်ဖွဲ့တို့ကို စစ်အစိုးရတပ်မှ စစ်ကြောင်း ၁ က လိုက်လံ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးပါ။

ကူးပြောင်းလာသော ရလလဖ အဖွဲ့များနှင့် မသက်ဆိုင်သော ဒေသများတွင်လည်း ကရင်နီနဲ့ မြန်မာစစ်တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်ဟု ကရင်နီ အဖွဲ့က ခူးရီမင်ထူးက ပြောသည်။

“နန်းဖဲရွာနားမှာ ဘောလခဲ မြေပုံမှာကြည့်မယ်ဆို ဘောလခဲ နန်းဖဲ ပေါ်တယ်။ လွိုင်ကော်ကားလမ်း ပေါ်မှာ ကလလတ အဖွဲ့က စီးနင်းလိုက်ပါလာတဲ့ ယာဉ်တစီးကို ကျနော်တို့ ကရင်နီတပ်ရင်း ၂က တပ်ဖွဲ့တဖွဲ့က ပစ်လိုက်တဲ့ အခါကျတော့ ကျနော်တို့ ရတဲ့ သတင်းအရဆိုရင် ၁၁ ယောက် သေပြီး တော့ ၆ ယောက် ဒဏ်ရာရတယ်လို့ သတင်းပေးတယ်။ ခြောက်နာရီခွဲ ၇ နာရီအချိန်မှာ ဖြစ်တယ်လို့ ပြောတယ်။”

ယင်းတိုက်ပွဲတွင် ကေအဲန်ပီပီဖက်ကမှ အမ်-၁၆ သုံးလက်၊ အမ်-၂၁ ၁လက်နှင့် ပွိုင့်တူးတူး ရိုင်ဖယ် ၁ လက် သိမ်း ဆည်းရမိသည်ဟု ပြောသည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ သတင်းစာများက သောင်းကျန်းသူ အဖွဲ့များက အရပ်သားများ စီးနှင်းလာသော ခရီးသည်တင်ကားကို တိုက်ခိုက်ခြင်းဖြစ်ပြီး ခရီးသည် ၁၇ ဦးသေဆုံးခဲ့သည်ဟု စွပ်စွဲထားသည်။

ယခုလ ၂၁ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့ မြောက်ဖက်တွင် မြန်မာအစိုးရတပ် ခြေမြန်တပ်ရင်း ၁၁၂ ကို ကေအဲန်ပီပီဖက်မှ ခြုံခို တိုက်ခိုက်ရာ စစ်အစိုးရတပ်မှ ဗိုလ်ပြည်သိန်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ပီပီက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။