ရွှေတြိဂံရှိ မူးယစ်ရဲများတိုက်ခိုက်ခံရ၊ တဦးသေ သုံးဦးပျောက်ဆုံး

ခွန်အောင်မြတ်။
ဇူလိုင်လ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသတွင် မြန်မာမူးယစ်တပ်ဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက် ခိုက်ခဲ့၍ တပ်ကြပ် တဦးသေဆုံးပြီး အရာရှိတဦးအပါအ၀င် သုံးဦးမှာ မဲခေါင်မြစ်ထဲတွင် ပျောက်ဆုံးနေသည်။

ယခုလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီက တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု ၀မ်ပုံဂိတ်အနီးတွင် မြန်မာ မူးယစ်ရဲ လေးဦးသည် သတင်းရသဖြင့် မူးယစ်ဆေးဝါးကုန်ကူးသူများကို စစ်ဆေးရန် စက်လှေဖြင့် ထွက်လာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု တာချီလိတ်မြို့ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် တပ်ကြပ်ကြီးတဦးသေဆုံးပြီး ရဲအရာရှိနှင့် ရဲသားနှစ်ဦးပျောက်ဆုံး နေသည်ဟု ၄င်းက ယခု လို ပြောသည်။

“အပစ်ခံရတဲ့လူက မူးယစ်က သုံးရစ်နဲ့လူပဲလေ။ သူဟာ မွတ်ဆလင်တစ်ယောက်ဖြစ်တယ် ဆိုတာကို ဗလီကို ယူလာတော့ သိရတာပေါ့နော်။ ပြီးတော့ ကျန်တဲ့ သုံးယောက်က တစ်ယောက်က နှစ်ပွင့်နဲ့ ပေါ့နော်။ သူတို့ကတော့ ဘယ်ရောက်နေတယ်၊ ဘယ်မှာ ရှိနေတယ်၊ ဒါမှမဟုတ် အသတ်ပဲ ခံလိုက် ရပြီလား၊ အဲဒါတော့ ဘယ်သူမှ မသိဘူး ပေါ့နော်။ ပျောက်နေတုန်းပါပဲ။”

ရွှေတြိဂံဒေသ ခေါ် မြန်မာ၊ ထိုင်း၊ လော နယ်စပ်ရှိ မိုင်းဖုန်းဒေသသည် မူးယစ်ဆေးဝါး မှောင်ခိုသမားများ ကျင် လည် ကျက်စားသူများ များပြားသည့်နေရာဖြစ်ပြီး ယခု အဖြစ်အပျက်တွင်လည်း မူးယစ်ဆေးဝါး မှောင်ခိုသမား များနှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ဒေသခံများက ဝေဖန်ကြသည်။

“အဲဒါက ဘယ်သူမှ အတိအကျပြောလို့ မရဘူးခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ သွားတာက ဒီလေး ယောက်ထဲ သွားတာဆိုတော့ တစ်ယောက်မှ ပြန်မလာဘူးဆိုတော့ ဘယ်သူနဲ့ဖြစ်လို့ ဖြစ်မှန်းကို ဘယ်သူမှ အတိအကျ မပြော နိုင်ဘူးလေ။ သိရသလောက်ကတော့ မူးယစ်ဆေးဝါးအဖွဲ့တော့ မှောင်ခို အဖွဲ့ပေါ့နော်။ အဲမှာ သွားပြီးတော့ ကျနော့် အထင်တော့ ခွဲတန်းယူတာပဲ ဖြစ်မှာ။ စစ်လားဆေးလား သွားလုပ်တာတော့ မဟုတ်ပါဘူး။ ဒီကောင်တွေက အကျင့် ရှိတယ်လေ။ ခွဲတန်းသွားယူတာတို့ ဒါမှ မဟုတ်ရင် ခြိမ်းခြောက်ပြီး ပိုက်ဆံသွားတောင်းတာတို့ ဒီလိုက အမြဲတန်း လုပ်နေကျလေ။ အခု များ သောအားဖြင့် တမြို့လုံးလိုလိုမှာ အဲဒီစကားပဲ ပြောနေတာပဲ။ သူတို့ ခွဲတန်းသွားယူတဲ့ နေရာမှာ ဖြစ် တယ်ပေါ့။”

အတိုက်ခိုက်ခံရသည့် မူးယစ်ရဲအဖွဲ့လေးယောက်သည် ယခင်က မိုင်းဖုန်းကျေးရွာအုပ်စုရှိ ကျေးရွာသားများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သည်ဟု ပြောဆိုပြီး ဆက်ကြေးကောက်ခြင်း၊ အနိုင်ကျင့် သတ်ဖြတ်ခြင်းများ ပြုလုပ် မှု များရှိသည်ဟု မိုင်းဖုန်းဒေသခံ တဦးက ပြောသည်။

တပ်ကြပ်ကြီးအဆင့်ရှိသူ အလောင်းကို မဲခေါင်မြစ် ထိုင်းနိုင်ငံဖက်ကမ်းတွင်တွေ့ရှိ၍ ထိုင်းအာဏာပိုင်က မြန်မာ အာဏာပိုင်ကို ပြန်လည်ပေးအပ်ခဲ့သည်။

အခင်းဖြစ်ပွားသည့် နေရာသည် ရွှေတြိဂံဒေသတွင် နာမည်ကြီးသည့် ပါရာဒိုက် ဟိုတယ်နှင့် လေးကီလိုမီတာ သာ ကွာဝေးပြီး ယင်းဟိုတယ်သည် ကာစီနိုစသည့် လောင်းကစားမျိုးစုံ၊ ဇိမ်ခန်းများ ဖွင့်လှစ်ထားကာ ထိုင်း၊ လာအိုနှင့်တရုတ်ဖက်မှ ချမ်းသာကြွယ်ဝသူများ အပန်းဖြေ လာရောက်လောင်းကစားသည့်နေရာဖြစ်သည်။

မူးယစ်ရဲလေးဦး အတိုက်ခိုက်ခံခဲ့ရသည်ကို တာချီလိတ် ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲအရာရှိတဦးက အ တည်ပြု ပြောဆိုသည်။ မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို အတိအကျ ပြောဆိုခြင်းမရှိပဲ ရှာဖွေစုံစမ်းနေဆဲ ဟု ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။