သံဃာများနှင့် လူထု ဆန္ဒမပြရန် အစိုးရမှ စတင် တားမြစ်

ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၅ရက်၊ ၂၀၀၇ခုနှစ်။

ယခုဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် ပြည်သူလူထု စားဝတ်နေရေးကြပ်တည်းမှုကို ဖြစ်ပေါ်စေ၍ ရဟန်းသံဃာ တော်များအနေဖြင့် ဆန္ဒပြပွဲတွင် မပါဝင်ကြရန် မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက ရပ်ကွက် အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက စာရွက်များ လိုက်လံဖြန့်ဝေခဲ့သည်၊

သံဃာထုများ သတိပေးသည့် စာရွက်လိုက်ဖြန့်ပုံကို မန္တလေးမြို့ခံတဦးက ယခုလိုပြောသည်။

“မနေ့ညက ၁၁ နာရီခွဲမှာ သံဃာတွေ မပါဖို့ စာ လိုက်ကြဲတယ်လေ။ လောလောဆယ် မနေ့ညက ရေဒီယိုမှာပါတဲ့ ဟာတွေကို စာရိုက်ပြီးတော့ ရ၀တ က လိုက်ဝေနေတယ်။ လောလောဆယ် ဒီမနက်။ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းမယ်ပေါ့ဗျာ။ ဆူပူမှုရောက်သွားမယ်ဆိုတဲ့ စာမျိုးတွေ၊ မနေ့ ညက ည ၁၁ နာရီခွဲမှာ ကြဲတယ်။ ”

ရန်ကုန်မြို့တွင်လည်း မြန်မာအာဏာပိုင်များက လော်စပီကာများဖြင့် သံဃာတော်များနှင့် ပြည်သူများကို ဆန္ဒ ပြပွဲများ မပြုလုပ်ရန် မော်တော်များဖြင့် လှည့်လည်၍ သတိပေးနေကြောင်း၊ မလိုက်နာပါက ပုဒ်မ ၁၂၇အရ အရေးယူမည်ဟု ကြေညာနေကြောင်း  ရန်ကုန်မြို့ခံတဦးကပြောသည်။

ယင်းသို့ကြေညာချက်များကို အစိုးရ၏ ရေဒီယိုမှ ယနေ့နေ့ခင်း သတင်းတွင်လည်း ကြေညာခဲ့သည်။

သာသနာရေးဝန်ကြီးသူရမြင့်မောင်က လက်ရှိနိုင်ငံရေးအခြေအနေသည် ၁၉၈၈ခုနှစ် လူထုအုံကြွမှုကဲ့သို့ ဖြစ်လာ နေ၍ သံဃာတော်များဆန္ဒပြမှုကို တားဆီးရန် သံဃမဟာနာယက ဆရာတော်ကြီးများအား ယမန်နေ့က လျှောက်ထားပြီးနောက်တွင် ယခုကဲ့သို့ တားမြစ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုအခါ ရန်ကုန်မြို့၏ နေရာအနှံအပြားတွင် လက်နက်ကိုင်လုံခြုံရေးများချထားနေသည်။

အစိုးရမှ ယခုကဲ့သို့ စတင်တားမြစ်လာမှု၏ နောက်တွင် ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်း လာနိုင်ဖွယ်ရှိသည် ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။