|
စစ်တွေ
ဆန္ဒပြပွဲ မွတ်ဆလင်ဘာသာဝင် ထောင်နှင့်ချီ ပါဝင်
ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။
စစ်တွေမြို့မှ
ပဉ္စမအကြိမ်မြောက် ဆန္ဒပြပွဲကို သံဃာတော်များနှင့်အတူ သောင်းနှင့်ချီသော
ပြည်သူများက ဆက် လက်ကျင်းပခဲ့ရာ မွတ်ဆလင်ဘာသာဝင် ၅ထောင်ကျော် ပူးပေါင်း
ပါဝင်လာသည်၊
ဤသို့
မွတ်ဆလင်ဘာသာဝင်များပါဝင်လာမှုသည် ဆန္ဒပြပွဲတလျှောက်တွင် အများဆုံးဖြစ်သည်ဟု
စစ်တွေမြို့ခံ တဦးက ပြောသည်။
“လူထုအင်အားကတော့
သုံးလေးသောင်းလောက်တော့ ရှိမယ်။ သံဃာတွေက အင်အား တော်တော် လေး နည်းသွားပါတယ်။
သံဃာတွေက အပါး ၁၀၀ ကျော်ကျော်လောက်ပဲ ရှိတယ်။ တခြားဘာသာ တွေက မွတ်ဆလင်တွေကလည်း
ပါလာတယ်။ လေးငါးခြောက်ထောင်လောက် ပါတယ်။ မွတ်ဆလင် အမျိုးသားတွေရော
အမျိုးသမီးတွေ ရော ပါပါတယ်။ လူတွေကတော့ နောက်ပြီးတော့ ကျနော်တို့ ဒီ
အဲန်အယ်လ်ဒီ ရင်ထိုး တံဆိပ်တွေနဲ့ အမျိုးသမီးတွေလည်း တွေ့ပါတယ်။ သူတို့လည်း
သုံးလေး ဆယ်လောက်တော့ တွေ့ပါတယ်။ ဒါပေမယ့် ယောက်ျား တွေကတော့ ဘာမှ လုပ်ထားတာ
မရှိဘူး။ အမျိုးသမီးတွေ မှာကျတော့ ရင်ထိုးတံဆိပ်တွေ ပါတယ်။”
ယနေ့ ဆန္ဒပြပွဲတွင်
သံဃာတော်များဦးဆောင်သော ဆန္ဒပြလူထုသည် ဓည၀တီရပ်ကွက်မှ စတင်ထွက်လာပြီး ဦးဥတ္တမ
ပန်းခြံတွင် ဆရာတော်၏ ကြေးရုပ်ကို ပန်းစည်းကပ် ဂါရ၀ပြုကြပြီး
ဆုတောင်းမေတ္တာပို့ခြင်း၊ မေတ္တာ သုတ် ရွတ်ဆိုခြင်းများ ပြုလုပ်ကာ မြို့တပတ်ပတ်၍
လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာလမ်းတလျှောက်တွင် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး
စာတမ်းပါ ပို့စတာများကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ လည်း
ဟစ်ကြွေးခဲ့ဝကသည်။
ရန်ကုန်တွင်
အာဏာပိုင်များ သံဃာနှင့်လူထုကို ဆန္ဒမပြရန် သတိပေးကြေညာထားသော်လည်း
စစ်တွေမြို့တွင် ယင်းသို့ တားဆီးမှုမျိုးမရှိသကဲ့သို့ ဆန္ဒပြရာ လမ်းတလျှောက်တွင်
လုံခြုံရေးချထားခြင်းလည်းမရှိပေ။
ယနေ့ (၈)ရက်မြောက်နေ့
ရဟန်းတော်များ ဆန္ဒပြပွဲ၌ ရန်ကုန်နှင့်မန္တလေးမြို့ကြီးတွင် အာဏာပိုင်များက ရဟန်း
သံဃာနှင့် ပြည်သူလူထုများကို ဆန္ဒမပြကြရန် သတိပေးကာ မလိုက်နာပါက တည်ဆဲဥပဒေဖြင့်
အရေးယူ မည်ဟု ပြောဆိုသော်လည်း ရဟန်းသံဃာတော်များ ဦးဆောင်၍ လူထုသိန်းနှင့်ချီ
ပူးပေါင်း ပါဝင်ကာ ဆက်လက် ဆန္ဒပြကြသည်။
|