ထိုင်းကုမ္ပဏီအား မြန်မာပြည်တွင်း ရင်နှီးမြှုပ်နှံမှုများနှင့် လောင်စာဝယ်ယူမှုများ ရပ်ဆိုင်းရန်တောင်းဆို

သတင်းနှင့်မီဒီယာကွန်ယက်။
အောက်တိုဘာလ ၂၅ရက်၊ ၂၀၀၇ခုနှစ်။

မြန်မာပြည်တွင် ရင်းနှီးမြုပ်နှံမှုများရပ်ဆိုင်းပေးရန် ထိုင်းအစိုးရမှ အစုရှယ်ယာအများစု ပိုင်ဆိုင်ထားသော PTTEP ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက ယနေ့တောင်း ဆိုလိုက်သည်။

နံနက် ၁၀နာရီခန့်က မြန်မာဒီမိုကရေစီရေးဆောင်ရွက်နေသော Peace for Burma အဖွဲ့မှဦးဆောင်၍ ထိုင်း ကျောင်းသားများ၊ ထိုင်းအဲန်ဂျီအိုအဖွဲ့ဝင်များနှင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူ ၂၀ခန့်က ဘန်ကောက်ရှိ PTTEP ရုံးသို့သွားရောက်ကာ ကုမ္ပဏီဥက္ကဌထံ ကြေညာချက်ပေးပို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တောင်းဆိုထားတာတော့ PTT ရဲ့ ဥက္ကဌ ကို ဒီ ရေနံနဲ့သဘာဝဓါတ်ငွေ့ ရင်းနှီးမြုပ်နှံမှုတွေကို အ တတ်နိုင်ဆုံး ချက်ချင်းရပ်တန့်ဖို့အတွက်ပဲဟု ရွှေသဘာဝဓါတ်ငွေ့ဆန့်ကျင်လှုပ်ရှားမှု အဖွဲ့မှ ကိုဝင်းအောင် က ပြောသည်။

နအဖအစိုးရသည် ရေနံနှင့် သဘာဝဓါတ်ငွေ့မှရသော နိုင်ငံခြားငွေများကို ၄င်းတို့ အာဏာ တည်မြဲရေးအတွက် အသုံးပြုကာ  ပြည်သူလူထုတွေအပေါ်မှာ သတ်ဖြတ်ညှင်းဆဲမှု လုပ်နေပြီး လွန်ခဲ့သောလက သံဃာတော်များနှင့် ပြည်သူများအပေါ် သတ်ဖြတ်မှုသည် ထင်ရှားသော သာဓကဖြစ်သည်ဟု ကိုဝင်းအောင်က ထောက်ပြသည်။

PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေ တူးဖော် နေပြီး ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် အတွင်းတွင် မြန်မာပြည်မှ ရေနံနှင့်သဘာဝဓါတ်ငွေ့ သန်း ၂ထောင် ကျော်ဖိုး ၀ယ်ယူခဲ့သည်ဟု ရွှေ ဂက်စ် စာစောင်တွင် ဖော်ပြထားသည်။

မုတ္တမပင်လယ်ကွေ့ တွင်လည်း PTTEP ကုမ္ပဏီ ကရေနံနှင့်သဘာဝဓါတ်ငွေ့အစမ်းတွင်းများ တူးဖော်ရှာဖွေ လျက်ရှိပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းများရှိသည်ဟု ကုမ္ပဏီ က ထုတ်ပြန်ထားသည်။

မြန်မာ့အရေးလှုပ်ရှားသူများက ပေးပို့သောစာကို PTTEP ကုမ္ပဏီ မှ လူထုဆက်ဆံရေး အရာရှိက လက်ခံရယူခဲ့ သည်။

PTTEP အနေဖြင့် ၄င်းတို့ တောင်းဆိုချက်ကို အရေးယူဆောင်ရွက်ခြင်းမရှိပါက Peace for Burma တွင် ပါဝင် သော ထိုင်းနိုင်ငံရှိကျောင်းသားအဖွဲ့များ၊ အဲန်ဂျီအိုအဖွဲ့များနှင့် လူမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟု ကိုဝင်းအောင်က ဆက်လက်ပြောသည်။

မြန်မာပြည် မုတ္တမကမ်းလွန်ပင်လယ်ပြင်ရှိ ရတနာ နှင့် ရဲတံခွန် သဘာဝဓါတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံနေ သော ပြင်သစ်အခြေစိုက် တိုတယ်လ်ကုမ္ပဏီကိုလည်း ရင်းနှီးမြုပ်နှံမှုများ ဆက်လက်မပြုလုပ်ရန် ဥရောပ အခြေ စိုက် မြန်မာအရေးလှုပ်ရှားသူများက ဖိအားပေး တောင်းဆိုနေသည်။ သို့သော် တိုတယ်လ်ကုမ္ပဏီ က ရင်းနှီးမြုပ် နှံမှုများ ရုတ်သိမ်းရန်ကို လက်မခံသေးပဲရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။