|
နအဖတိုက်ခိုက်မှုကြောင့် ကရင်အရပ်သား ၁၀၀၀ ကျော် ထပ်မံထွက်ပြေး
မတ်လ ၂၆ ရက်၊ ၂၀၀၇
ခုနှစ်။
နအဖစစ်တပ်၏
တိုက်ခိုက်မှုကြောင့် ညောင်လေးပင်နှင့်ဖာပွန်ခရိုင်အတွင်းမှ အရပ်သား ၁၀၀၀
ကျော်သည် တောတောင်များအတွင်းသို့ ထပ်မံထွက်ပြေးပုန်းရှောင်နေရကြောင်း
ကရင်ပြည်နယ်အတွင်းရှိ အိုးအိမ်စွန့်ခွာ ဒုက္ခ သည်များကို ကူညီနေသည့်
လူမှုကယ်ဆယ်ရေး အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။
ယင်းကြေညာချက်တွင်
ယခုလ ၁၅ ရက်နေ့က ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ စော်ကာဒဲဒေသတွင်တကြိမ်၊
၂၀ ရက်နေ့က ဖာပွန်ခရိုင်၊ သဒါးဒဲကျေးရွာအနီးတွင်တကြိမ်
တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရွာသားများ ထွက် ပြေးရခြင်း ဖြစ်သည်ဟု
ဖေါ်ပြထားသည်။
ထွက်ပြေးပုန်းရှောင်နေရသည့် ကရင်အရပ်သားများသည် ဖာပွန်ခရိုင်ရှိ သဒါးဒဲ၊
တကော်ထိုဘော၊ တာအိုဒဲ စသည့်ကျေးရွာများမှ ရွာသား ၄၀၀ ကျော်နှင့် ညောင်လေးပင်
ခရိုင်၊ မုန်းမြို့နယ်၊ စော်ကာဒဲဒေသအတွင်းရှိ ကျေးရွာများမှ ရွာသား ၆၀၀ ကျော်
တို့ဖြစ်သည်။
ယခုအချိန်တွင်
ဖာပွန်ခရိုင်ရှိ အထက်ပါကျေးရွာများမှ ထွက်ပြေးခဲ့ကြသည့် ရွာသား ၃၀၀ ခန့်သည်
၎င်းတို့ နေထိုင်ရာ ကျေးရွာသို့ ပြန်လည်နေထိုင်ကြပြီး ကျန်ရှိသူများမှာ
လောလောဆယ်တွင် တောတောင်အတွင်း၌ ပုန်းအောင်းလျှက်ရှိသည်ဟု ကရင်ပြည်နယ် အတွင်း
လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော (Free Burma Rangers) မှ
အဖွဲ့ခေါင်းဆောင်က ပြောသည်။
“မြန်မာစစ်တပ်တွေက
သဒါးဒဲ၊ တာအိုဒဲနဲ့ တကော်တိုဘောကျေးရွာမှာရှိတဲ့ ကရင်ရွာသား တွေကို
တိုက်ခိုက်ခဲ့ ပါတယ်။ လူ ၆၀၀ ကျော် ထွက်ပြေးနေရတယ်။ ကေအဲန်အယ်လ်အေ စစ်သား ၃
ယောက်ကျဆုံးသွားပြီး ၃ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့်
ရွာသားကတော့ တယောက်မှ မသေပါဘူး။”
ညောင်လေးပင်ခရိုင်
မုန်းမြို့နယ်ဘက်တွင် ယခုရက်များအတွင်း တိုက်ပွဲများ မကြာခဏ
ဖြစ်ပွားလျှက်ရှိသည်ဟု ယင်းဒေသခံ စောမူနာဖိုးက ပြောသည်။
လက်ရှိတွင် နအဖစစ်တပ်
စစ်ဆင်ရေးကွပ်ကဲမှုဌာန (စကခ) ၇ လက်အောက်ခံ တပ်ရင်း များဖြစ်သည့် ခမရ ၃၇၅၊ ၃၇၆၊
၃၇၇ တို့သည် ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ အိုးအိမ်စွန့် ပြည်တွင်း
ဒုက္ခသည် များနေ ထိုင်ရာ စော်ကာဒဲ၊ လယ်ကလား၊ သဲ့ဘောဒဲ၊ စော်ကင်းဒဲ၊ ဂဲပိုဒဲ၊
ကျောက်ဖျာ စသည့်ဒေသများတွင် လှုပ်ရှား လျက်ရှိကာ အချို့ ရွာသား များသည်
မိမိတို့ရွာကို မပြန်ရဲတော့သဖြင့် တောတောင်တွင် ပုန်းအောင်းနေကြရဟု ၄င်းက
ဆက်လက်ပြောသည်။
၂၀၀၆
ခုနှစ်အစောပိုင်းမှစ၍ နအဖစစ်တပ်က ကေအဲန်ယူ တပ်မဟာ ၂ နှင့် တပ်မဟာ ၃ အခြေစိုက်ရာ
တောင်ငူ နှင့် ညောင်လေးပင်ခရိုင် အတွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင်
ရွာသား ၃၀၀၀၀ ကျော် ထွက်ပြေး ပုန်းရှောင် နေကြရပြီး အချို့တွေ
ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခိုလုံလျှက်ရှိသည်။ |