|
ဧရာတီကို
တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့် ကြေညာချက်ထွက်
ခွန်အောင်မြတ်။
မတ်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းကို မမှန်မကန်သတင်း ရေးသားဖြန့်ချီသည်ဟု
စွပ်စွဲကာ အသရေ ဖျက်သိက္ခာချမှုဖြင့် ထိုင်းတရားရုံးတခုတွင် တရားစွဲဆိုလိုက်သည်ဟု
ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) အမည်ဖြင့် ကြေညာချက်တစောင်
ထုတ်ပြန်ခဲ့သည်။
ဧရာဝတီမဂ္ဂဇင်း
အယ်ဒီတာချုပ် ဦးအောင်ဇော်ကို ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) UDP
အမှုဆောင် ဒုဥက္ကဌ ကနေဒါနိုင်ငံတွင် နေထိုင်သူ ဦးကျော်မြင့်က ယခုလ ၂၄
ရက်နေ့တွင် တရားစွဲဆိုလိုက် ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
UDP
အဖွဲ့နှင့် ယင်းအဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်ကို ဦးတည်ပြီး နိုင်ငံရေး၊
ပုဂ္ဂိုလ်ရေး၊ စီးပွားရေးအရ ထိခိုက် နစ်နာစေရန် ကြံရွယ်ချက်ဖြင့် အခြေအမြစ်
မရှိတဲ့ စွပ်စွဲချက်တွေကို အခြေခံပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၀၉ခုနှစ်
ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၅ ရက်နေ့တွင် ဧရာဝတီမဂ္ဂဇင်း အင်တာနက် သတင်း
စာမျက်နှာမှတဆင့် ရေးသားဖြန့်ဝေခဲ့သည်ဟုလည်း ကြေညာချက်တွင် ရေးသားထားသည်။
အသရေဖျက်
သိက္ခာချမှုဖြင့် ထိုင်းတရားရုံးတခုတွင် တရားစွဲဆိုလိုက်သည့်အပေါ် ဧရာဝတီမဂ္ဂဇင်း
အယ်ဒီတာ ချုပ် ဦးအောင်ဇော်က ယခုလို ပြောသည်။
“အဲဒါနဲ့ဆိုရင်
ကျနော့်မှာ လောလောဆယ် ဘာမှပြောဖို့မရှိသေးဘူး။ အဲဒီဟာကို ကျနော် မရသေး ဘူး။
ကျနော့်ဆီပို့တယ်လို့တော့ ပြောတယ်။ ကျနော်ကတော့ သတင်းတော့ ရနေပြီ။
ကျနော်တို့ကို တရားစွဲတယ်ပြောတယ်။ ကျနော်က ဒီကိစ္စတွေကို ဘာမှမသိသေးတဲ့တွက်
ဘာမှပြောခွင့်မရှိသေးဘူး။ ရုံးတခုအနေနဲ့နော်။ လောလောဆယ် တော့ ကျနော်
ဘာမှပြောခွင့်မရှိသေးဘူး။”
ဖေဖော်ဝါရီလ ၂၃
ရက်နေ့က UDP ပါတီ ဒုဥက္ကဌ ဦးကျော်မြင့်သည် ၀ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၏
ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် တာဝန်ယူခဲ့စဉ် မူးယစ်ဆေးလုပ်ငန်း၊ ငွေမည်းခ၀ါ
ချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေကြောင်း ထောက်လှမ်းရေးအရာရှိဟောင်း
ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့် ဌာနသို့ ပြောဆိုကြောင်း
ဧရာဝတီမဂ္ဂဇင်း အင်တာနက် သတင်း စာမျက်နှာက ဖေဖော်ဝါရီ လ ၂၄ ရက်စွဲဖြင့်
တင်ပြထားသည်။
ယင်းသတင်းထုတ်ပြီး
နောက်တရက်၌ ထုတ်လွှင့်ခဲ့သည့် ဗီအိုအေအသံလွှင့်ဌာနနှင့် UDP ဒုဥက္ကဌ ဦးကျော်မြင့်
ကို ဆက်သွယ်မေးမြန်းခန်းတွင် ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို
တရားစွဲမည်ဟု ပြောဆို ခဲ့သည်။
UDP
အဖွဲ့ခေါင်းဆောင်နှင့်ပတ်သက်၍ ရေးသားချက်အပေါ် ဧရာဝတီမဂ္ဂဇင်း အနေဖြင့်
မှန်ကန်ကြောင်း သက်သေအထောက်အထားများ ပြသရန် တရားဝင်ဆက်သွယ်သော်လည်း
တုံ့ပြန်ခဲ့ခြင်း မရှိသည့်အပြင် အသရေပျက်စေသည့် ကြံရွယ်ချက်ဖြင့် ဆက်လက်ပြီး
ထပ်မံစွပ်စွဲရေးသားမှုများ ပြုလုပ်ခြင်းသည် စာနယ်ဇင်း ကျင့်ဝတ်ကို
မထိမ်းသိမ်းသည့် အပြင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရာ ရောက်သည်ဟု
ကြေညာချက်က စွပ်စွဲထားသည်။
ဧရာဝတီမဂ္ဂဇင်းနှင့်
အယ်ဒီတာချုပ်ကို တရားစွဲဆိုသည့် ထုတ်ပြန်ကြေညာချက်ကို အတည်ပြုနိုင်ရင်အတွက်
ညီညွှတ်သောဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၏ ဆက်သွယ်ရန် ပေးထားသည့်
သတင်းနှင့်ပြန်ကြားရေးဌာန ဖုန်းနံပါတ်ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိပေ။
|