ပုသိမ်မြို့မှ ဒုကသည်များကို နေရပ်ရင်းပြန်ပို့နေ

နွယ်လေး။
မေလ ၂၆ ရက်၊ ၂၀၀၈ ခုနှစ်။

ပုသိမ်မြို့အတွင်း လေဘေးကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည်များကို အထောက်အပံ့ မပေးပဲ နေရပ်သို့ ပြန် လွတ်လိုက်သည့်အတွက် ဒုက္ခသည်များ စုရုံးဆန္ဒပြခဲ့ကြသည်။

ပုသိမ်မြို့ ဒုက္ခသည်စခန်းမှ  စောင့်ကြပ်သည့် တာဝန်ရှိသူများက လေဘေးဒုက္ခသည်များ ကို ရပ်ရွာသို့ ပြန် မည့်သူများကို မိုးတွင်း လေးလစာဆန်နှင့် ငွေပေးမည်ဆိုကာ လက်မှတ် ထိုးခိုင်းခဲ့သည်။ နောက်ပိုင်းတွင် ဆန်နှင့်ငွေအစား ပေါက်တူးတစ်လက်နှင့် ဓါးတချောင်း သာပေးပြီး ပြန်ခိုင်းသည့်အတွက် လေဘေးဒုက္ခသည် များသည် ယမန်နေ့က တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက)ရုံးဘေးတွင် စုရုံးဆန္ဒပြ ခဲ့သည်။

နံနက် ၈ နာရီခွဲမှ ညနေ နှစ်နာရီကျော်ထိ အမျိုးသမီးနှင့် ကလေးငယ်များအပါဝင် ဒုက္ခသည် နှစ်ရာကျော်က နေရာမရွှေ့ပဲ ငြိမ်းချမ်းစွာဆန္ဒပြသည်ကို ပုသိမ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

"အဖွဲ့ခေါင်းဆောင်တွေက ကျနော်တို့ကို ခုလိုနှင်လွတ်တာမသွားနိုင်ဘူး။ ကျနော်တို့ ထမင်းမစားရ သေးဘူး။ လူတကာကို ဒုက္ခသည်စခန်းမှာ ပစ္စည်းပေးတာတွေ့တယ်။ ကျနော်တို့ ဘာပစ္စည်းမှလည်း မရဘူး။ အိမ်ထောင်စုတစ်စုကို လေးလစာပေးပြီး ပြန်လွှတ်မယ့်ဟာ တကယ်ပြန်မယ်ဆိုတော့ ပေါက်တူးတစ်လက်နဲ့ ဓါးတစ်ချောင်းပေးတယ်။ ပေါက်တူးတစ်လက်နဲ့ဓါးတစ်ချောင်းဘာလုပ်ရမလဲ။"

ဆန္ဒပြကြသည့် ဒုက္ခသည်များကို လာရောက်ကြည့်သူများနှင့် ထမင်းထုပ်၊ မုန့်၊ ရေများ လာရောက်ပေးဝေသူများ များပြားလာကာ လမ်းကိုပိတ်ဆို့ခဲ့သဖြင့် တာဝန်ရှိရဲများ၊ သက်ဆိုင်ရာ  မယကနှင့်မြို့နယ်မှုးများ လာရောက်ပြီး ဖြေရှင်းခဲ့ရသည်ဟု ယင်းမြို့ခံက ပြောသည်။

နေရပ်ရင်းပြန်လိုသူများကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးထောင်စီ ပေးမည်ဟု အာဏာပိုင်များက ပြောဆို ခဲ့သည်။ အိမ်ထောင်ဦးစီးသေဆုံးသူများ မရရှိဟု ပုသိမ်မြို့ခံက ပြောသည်။

ဆန္ဒပြ ဒုက္ခသည်အချို့မှာ နေရပ်ရင်းသို့ ပြန်သူရှိသကဲ့သို့ ကယ်ဆယ်ရေး စခန်းဖွင့်ထားသည့် ကျောင်းသို့ ပြန်သူများလည်း ရှိသည်ဟု ၄င်းက ပြောသည်။

ယခင်က ပုသိမ်မြို့ပေါ်တွင် ဒုက္ခသည် နှစ်သောင်းနီးပါးရှိရာ အချို့ကို ကြိုတင်ထောက်ခံ မဲများ ကောက်ယူပြီး ပြန်လွှတ်ခဲ့ရာ ယခုအခါ ဒုက္ခသည် သုံးထောင်ကျော်ခန့် ကျန်ရှိနေသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။