အိန္ဒိယထောင်ရှိ ရခိုင်နှင့်ကရင်တပ်ဖွဲ့ဝင်၃၄ဦးလွတ်မြောက်ရေး

ထိုင်းရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ ကြိုးပမ်းမည်

သတင်းနှင့်မီဒီယာ ကွန်ယက်။                                                                                              ဇွန်လ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။

အိန္ဒိယနိုင်ငံ အကျဉ်းထောင်တွင် တရားစီရင်နိုင်ခြင်းမရှိပဲ (၁၀) နှစ်နီးပါး ထိမ်းသိမ်းခံနေရသော ရခိုင်နှင့် ကရင် ပြောက်ကျားတပ်ဖွဲ့ဝင် ၃၄ဦးကို မျှတစွာ တရားစီရင်ရေးနှင့် ၄င်းတို့လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ကြိုးပမ်းဆောင်ရွက်သွားရန် ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်။

လွတ်မြောက်ရေး တိုက်ပွဲဝင်သူ မြန်မာ (၃၄)ဦး လွတ်မြောက်ရေးကော်မတီ ( Committee for Freedom of 34 Burmese Freedom fighter in India Jail) ဟု အမည်ပေးထားသော ယမန်နေ့ကဖွဲ့စည်းလိုက်သည့် အဆိုပါ အဖွဲ့ အကျဉ်းကျခံ နေရသူများ အရေးကို နိုင်ငံတကာမှ အာရုံစိုက် အလေးထားမိလာစေရန် နှင့် ပူးပေါင်းကူညီ ဆောင်ရွက်လာစေရန် ကျိုးပမ်းသွားမည်ဖြစ်သည်။  

ကော်မတီဝင် တဦး ဖြစ်သော မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ ဥက္ကဌ ဦးသိန်းဦးက

“အဓိကကတော့ အမှုမှန်ပေါ်ပေါက်ရေးကိစ္စကို ကျနော်တို့ကြိုးစားနေတာ။ အမှုမှန် ပေါ်ပေါက်ရေး ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေ လွတ်မြောက်ရေးရယ်။ နောက်တခုကတော့ ဒီမိုကရေစီစနစ် အောက်မှာ မတရား အကျဉ်း ကျခံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တော့ အိန္ဒိယအစိုးရကလည်း ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်သင့်တယ်။ ဒါကြောင့်မို့ ဒီလို လုပ်ငန်းတွေအပေါ်မှာ စိတ်ဝင်စားမှု ရှိလာအောင်၊ အာရုံစူးစိုက်မှု ရှိလာအောင် အကျဉ်းကျခံနေရတဲ့ အက်ဒမန်ကျွန်းကိစ္စကို အခြေခံပြီးတော့ ကျနော်တို့လှုပ်ရှားဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်တွေချ ပါ တယ်။” ဟုပြောသည်။

၁၉၉၈ခုနှစ် ဖေဖော်ဝါရီလက ရခိုင်အမျိုးသားညီညွတ်ရေးပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးမှ အဖွဲ့ဝင်များ သည် အိန္ဒိယနိုင်ငံပိုင်နီအက်ဒမန်ကျွန်းစုအနီးရှိ လန်းဖောလ် ကျွန်းတွင် အခြေစိုက်စခန်းဖွင့်ရန် အိန္ဒိယ ထောက် လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး ဂရေ့ဝေါနှင့် သဘောတူညီချက်ရယူပြီး စစ်လက်နက်ပစ္စည်းများ သယ်ဆောင်၍ ပင် လယ်ခရီးမှ လာရောက်စဉ် အိနိယြ စစ်တပ်က လက်နက်မှောင်ခို မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးစဉ် အိန္ဒိယတပ်ဖွဲ့များက ရခိုင်နှင့် ကရင် ခေါင်းဆောင် (၅)ဦးအပါဝင် (၆)ဦးကို ပစ်သတ်ခဲ့သည်ဟု ရခိုင် အမျိုးသားညီညွတ်ရေးပါတီ၏ ဒုဥက္ကဌ ဒေါက်တာခင်မောင်က ပြောသည်။

“ရေတပ်က ဗိုလ်ချုပ်လာမယ် သွားကြိုရအောင်ဆိုပြီး ကျနော်တို့ ခေါင်းဆောင် ၅ယောက်ကို ခေါ် သွားတယ်။ အဲဒီမှာပဲ သူတို့က သုတ်သင်လိုက်တယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ အဲဒီနေရာမှာပဲ အဖမ်းခံရတာပေါ့နော်။ ”

ကျန်တဦးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မြင့်ဆွေ ဖြစ်ပြီး ခေါင်းဆောင် (၅)ဦးကိုပစ် သတ်စဉ် အနီး၌ ပုံထားသော သေနတ်များကို သွားဆွဲသဖြင့် အသတ်ခံရခြင်း ဖြစ်သည်ဟု ဒေါက်တာခင်မောင် က ဆက်လက် ပြောသည်။

ဖမ်းဆီးထားသော ရခိုင်နှင့် ကရင်တပ်ဖွဲ့ဝင်များကို မူလက ပို့ဘလဲမြို့တွင် ချုပ်နှောင် ထားပြီး ၂၀၀၆ခုနှစ်တွင် ကလကတ္တားထောင်သို့ ပြောင်းရွေကာ တရားရုံးတင်စစ်ဆေး နေသည်။

ရုံးတင်သည့်အချိန်တွင် အရေးပါသော အဓိကမျက်မြင်သက်သေများ မပါဝင် သောကြောင့် သက်သေများကို ခေါ် ယူပေးရန် တောင်းဆိုထားသည်ဟု တရားစွဲဆို ခံထားရသူများ၏ ရှေ့နေများက တောင်းဆိုထားသည်ဟု အဖမ်း ဆီးခံ အကျဉ်းသားများ အရေးကို ဆောင်ရွက်နေသော အိန္ဒိယနိုင်ငံမှ သွေးစည်းညီညွတ်ရေးအဖွဲ့ဝင်နှင့် လူ့အ ခွင့်အရေး အဖွဲ့ ရှေ့နေ မစ္စနန်ဒီတာဟက်စ်ကာကပြောသည်။

အိန္ဒိယအခြေစိုက် သွေးစည်းညီညွတ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သော သတင်းကြေညာချက်တွင် ၁၉၉၃ ခုနှစ်မှစ၎င်း အိမ်နီးချင်းနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုအား ထောက်ခံပံ့ပိုးမူများကို ရပ်ဆိုင်းပြီး မြန်မာစစ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒများပြောင်းလဲလာမှု အကျိုးဆက်ကို ၄င်းတို့  စိုးရိမ်မိကြောင်း ရေးသားထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။