ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အမှန်တကယ် မကျဆင်းဟု

ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ပြော

ခွန်အောင်မြတ်။                                                                                                           ဇွန်လ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးနှုန်း လျော့ကျသွားသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာအဖွဲ့ (ယူအဲန်အိုဒီစီ )က အစီရင်ခံစာ ထုတ်ပြန်ထားသော်လည်း ဘိန်းခင်းများ အမှန်တကယ် လျော့ ကျခြင်းမရှိပဲ ပြန်ုတိုးလာသည်ဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့က ယနေ့ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် အစီရင်ခံ စာ တစောင်ထုတ်ပြန်ပြီး မူးယစ်ဆေးဝါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယူအဲန်အိုဒီစီ အစီရင်ခံစာတွင် ၁၉၉၈ ခုနှစ်နောက်ပိုင်း ဘိန်းထုတ်လုပ်မှု ၈၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ ၂၀၀၅ ခုနှစ် စာလျှင် ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၃၂ ရာခိုင်းနှုန်း ကျဆင်းလာသည်ဟု ဖော်ပြထားသည်။

ယခင်က ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နှင့် ‘၀’ ဒေသတို့တွင် ဘိန်းခင်းများ လျော့ခဲ့သော်လည်း အခြားဒေသ တွင် စိုက်ပျိုးမှု ပိုမိုများပြားလာသည်ဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ရှမ်းသံတော်ဆင့် သတင်း ဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“လျော့တာက အဓိက ရှမ်းပြည်မှာ လျော့တာ။ နံပါတ်တစ်က ကိုးကန့်ဖြစ်တယ်။ နံပါတ်နှစ်က ‘၀’ ဖြစ် တယ်။ ဒီ ဥစ္စာတွေက အဓိက လျော့တဲ့နေရာဖြစ်တယ်။ နောက်ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်ရှိတုန်း ကဆိုရင် ရှမ်းပြည် မြောက် ပိုင်းမှာလည်း အများကြီးလျော့တယ်။ သို့သော် ဗိုလ်ချုပ်ခင်ညွှန့်မရှိတဲ့ နောက်ပိုင်းကျတော့ အခု ပြန်တိုး တက်လာတယ်။ ဒါပေမယ့် ယူအဲန်အိုဒီစီ က ဒီလိုမျိုး ပြန်တိုး တက်လာတာကို သူတို့က ပြန်ပြီးမှ ထည့်တွက်ထား ပုံမရဘူးပေါ့။” ဟု ဦးခွန်ဆိုင်းက ပြောသည်။

၎င်းကဆက်လက်၍ “ရှမ်းပြည်တောင်ပိုင်းကို ကြည့်လိုက်လို့ ရှိရင်လည်း ဟိုပုံး၊ ဆီဆိုင်၊ ဖယ်ခုံ၊ ဒီနေရာတွေ ဆိုလို့ ရှိရင် အများကြီးထွက် တဲ့နေရာပဲဗျ။ အကြမ်းဖျင်းပြောလို့ရှိရင် ငါးဆယ်ရာခိုင်နှုန်းလောက် တိုးတက်လာ တာပေါ့ဗျ။ ၂၀၀၅-၂၀၀၆ ရာသီ ရယ်၊ ၂၀၀၆-၂၀၀၇ ရာသီရယ်ပေါ့၊ ၂၀၀၅-၂၀၀၆မှာဆိုလို့ရှိရင် လေးထောင် ဧကလောက်ရှိတယ်။ အခု နောက်ဆုံး ကျတော့ သူက ခြောက်ထောင်ဖြစ်နေတယ်။ ”  ဟုပြောသည်။

ရှမ်းပြည်မြောက်ပိုင်းအထူးဒေသခေါင်းဆောင် ပေါက်ယူချန်း ဦးဆောင်သည့် ‘၀’ အခြေစိုက်ရာ ပန်းဆန်းဒေသ တွင် ၂၀၀၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးကင်းစင် ဒေသအဖြစ် ကြေညာခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲရေး အတွက် ဦးဆောင်ဆွေးနွေးခဲ့သူ မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်နှင့် ‘၀’ ဒေသအတွင်း သို့ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ကျဆင်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ညှိ နှိုင်း နိုင်ခဲ့ ပြီး ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ပန်ဆန်းဒေသတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားသော်လည်း ‘၀’ ထိပ်ပိုင်းခေါင်းဆောင်များ၊ ၄င်းတို့နှင့် နီးစပ် သည့် ကုန်သည်များက ယာဘ (ခေါ်) စိတ်ကြွဆေးပြားထုတ်လုပ် ရောင်းဝယ်မှုများ ရှိနေသည်ဟု အစီရင်ခံစာ ပြုစုရာတွင် ကိုယ်တိုင်ကွင်းဆင်း သွားရောက်ခဲ့သူ ရှမ်းသံတော်ဆင့်၏ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“ယာဘလည်း ‘၀’ ဌာနချုပ် ပန်ဆန်းမှာ အသေးအဖွဲတော့ ထောင်ဂဏန်း၊ သောင်းဂဏန်းတော့ မရ ဘူး။ ပိုက်ဆံ ပြနိုင်တယ်၊ ယုံကြည်စိတ်ချရတယ်ဆိုရင်၊ အ၀ယ်တော်က သေချာတယ်ဆိုရင် သိန်းဂ ဏန်း၊ ငါးသိန်း တသန်း ကျော် အထိပေါ့ အဲဒါ အော်ဒါမှာလို့ ရတယ်။ ”

မူးယစ်ဆေးဝါးကင်းမဲ့ဇုန်အဖြစ် ကြေညာထားသည့် ‘၀’ဒေသမှ ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးမှုနှင့် လိုအပ် သည့် ကူညီပံ့ပိုးမှုများ ခန့်မှန်းထားချက်နှင့် ကွာဟမှု ရှိနေသဖြင့် ဒေသခံပြည်သူများ စီးပွားရေး အကျပ်အတည်း နှင့် ရင်ဆိုင် နေကြရသည်ဟုလည်း ရှမ်းမူးယစ်စောင့်ကြည့်ရေး အစီခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများအလိုက် မူးယစ်ဆေးဝါးသုံးစွဲသူများ အခြေခံစာရင်း ကောက်ယူရေးလုပ်ငန်း အရ ၂၀၀၄ ခုနှစ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၆၃၆၁၅ ဦးရှိပြီး၊ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၅၆၈၂၃ ဦးရှိ ကြောင်း ယနေ့ထုတ် မြန်မာအစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။