ရှမ်းပြည်နယ်တွင် ဘိန်းထုတ်လုပ်မှု ပိုများလာနေ

နွယ်လေး။
ဇွန်လ ၂၆ ရက်၊ ၂၀၀၈ ခုနှစ်။

ရှမ်းပြည်နယ်အတွင်း ယခုနှစ် ဘိန်းထွက်နှုန်းမှာ ယခင်နှစ်ထက် ၄၀ ရာခိုင် နှုန်း  တိုးမြင့်လာသည်ဟု ရှမ်းမူးယစ် ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်ရေး တိုက် ဖျက်ရေးနေ့တွင် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ နှင့်  ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ် ဦးခွန်စိုင်းက ယခုလို ပြောသည်။

"အကြမ်းဖျင်းပြောရရင် ဘိန်းစိုက်တာက အရင်ကထက် ၄၀ ရာခိုင်နန်း ပိုများလာတယ်။ ရှမ်းပြည် မြောက်ပိုင်းမှာ ဆို နအဖက မစိုက်တော့ဘူးပြောတဲ့ မန်တုန်နဲ့ နမ္မတူမှာ အပြင် နမ့်ဆန်တွေမှာလည်း စိုက်လာတယ်။ သူတို့ပထမ (၅) နှစ်စီမံကိန်းဟာ၂၀၀၄ ခုနှစ်မှာဆုံးပြီး မအောင်မြင်ဘူးလို့ ပြောလို့ရ တယ်။ သူတို့ ပြောထားတဲ့ ရှမ်းပြည်က  (၂၂)မြို့နယ်မှာဆို (၇) မြို့နယ်လောက်ပဲ ဘိန်းမစိုက်တာ ရှိတယ်။ ဒုတိယစီမံကိန်းက ၂၀၀၉ ခုနှစ်မှာ ဆုံးမယ်။ မြို့နယ်ပေါင်း (၂၀ )မှာ ( ၄) မြို့နယ်က ကချင် ပြည်နယ်ထဲမှာပါတယ်။ ရှမ်းပြည်ထဲမှာ( ၁၆) မြို့နယ် မှာ ၀ ထဲမှာရှိတဲ့ (၆)မြို့နယ်ပဲ မစိုက်ဘူး။ ကျန် တဲ့ နအဖလက်အောက်မှာ ရှိတဲ့ဟာ အကုန်စိုက်တယ်လို့ပြောလို့ရတယ်။"

အချို့ဒေသများတွင် မြန်မာစစ်တပ် မိသားစုများက ကိုယ်တိုင်စိုက်ပျိုး နေပြီး  ဘိန်းရိတ်သိမ်းချိန်တွင်  သွား ရောက် ကင်းစောင့်ပေးခြင်းများပင် ရှိသည်ဟု ဦးခွန်စိုင်း က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တပ်မတော် (အက်စ်အက်စ်အေ-အက်စ်)က တို့ ဌာနချူပ် လွိုင်တိုင်းလန်းတွင် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်ရေး တိုက်ဖျက်ရေးနေ့ အခမ်းအနားတရပ် ကျင်းပခဲ့သည်။

ရှမ်းပြည်အတွင်း မူးယစ်ဆေးပညာပေးတိုက်ဖျက်ရေးများအကောင်အထည်ဖေါ်ရာတွင် မြန်မာစစ်အစိုးရနှင့် လက် တွဲပြီး ဆောင်ရွက်ရန်  အသင့်ရှိကြောင်း အက်စ်အက်စ်အေ-တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မိန်း က ပြောသည်။

ရှမ်းပြည်အတွင်း လက်ရှိ ပြည်သူများရင်ဆို်င်ရသည့် အခက်ခဲများကို ဗိုလ်စိုင်းဆိုင်မိန်းမှ ယခုလိုပြောသည်။

"ပြည်သူတွေရဲ့ အခက်ခဲလို့ ယုံကြည်တယ်။ နအဖ စစ်အစိုးရက  ပြည်သူလူထုရဲ ဘ၀ ရပ်တည်မှု စီး ပွားရေးကို ပျိုးထောင်ပေးတာမရှိဘူး။ ပြီးတော့ရှမ်းပြည်တွင်းမှာ အတင်းအဓမ္မ ဖိနှိပ်မှုတွေ ကောက်ခံ ကြေးတွေကလဲ အများကြီးရှိတယ်။ အဲဒါကြောင့် ပြည်သူလူထုမှာ ရွေးချယ်စရာလမ်းမရှိတော့ စိုက်ပျို ရလွယ်ကူပြီး အချိန်တိုတောင်းတဲ့ ဘိန်းကိုစိုက်တယ်။ ၀ယ်ယူတဲ့ကုန်သည်လဲ ဒီဘိန်းကိုစိုက်ပျိုးကြတာ။ သူတို့က အစားထိုးသီးနှံပေးမယ်။ ပညာရေး ထောက်ပံ့တာရှိမယ်ဆိုရင်တော့ ဘိန်းကို ခေဖျက် နိုင်မယ်။ ခုခေဖျက်တယ်လို့ ပြောနေတာက နှုတ်သက်သက်ပဲ ရှိတယ်။ ကမ္ဘာကို လိမ်တာလောက်ပဲ လက်တွေ့ကျကျ ခေဖျက်နိုင်တာ မရှိဘူး။"

မြန်မာအစိုးရက ဘိန်းအစားထိုးသီးနှံများအဖြစ် ဆန်၊ လိမ္မော်၊ ပြောင်းဖူးနှင့် ရာဘာကို စိုက်ပျိုးရန် ပြောသော် လည်း လက်တွေ့တွင် ရှမ်းပြည်အရှေ့ပိုင်းတွင်သာ ဟန်ပြစိုက်ပျိုး ခဲ့ပြီး  ကျန်ဒေသများတွင် ဘိန်းကို ပိုပြီးတိုးချဲ့ စိုက်ခြင်းများ ရှိနေသည်ဟု ဗိုလ်စိုင်းဆိုင်မိန်း က ဆက်ပြောသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်ရေး တိုက် ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအနရယ် တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့ ဥက ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် ဘိန်းစိုက် ဧရိယာ ဟက်တာ ၁၄၀ ၀၀၀ကနေ ၂၇၀၀၀ကျော်အထိ ကျဆင်းလာသည်ဟု  ဆိုသည်။

UNODC ခေါ် ကုလသမဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုနှိပ်နင်းရေးအဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၀၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက  ၂၀၀၇ခုနှစ်အကုန်တွင် မြန်မာပြည် ဘိန်းစိုက်ဧရိယာ ၂၉ရာနှုန်း ပြန်လည်တိုးမြင့်လာပြီး ထုတ်လုပ်မှု ၄၆ရာနှုန်း မြင့်တက်လာကြောင်း ဖော်ပြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။