မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၂၆ ရက်၊ ၂ဝဝ၉ ခုနှစ်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိန်းအမှတ် အနေဖြင့် ကချင် ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ အဖွဲ့က မြစ်ကြီးနားမြို့တွင် မူးယစ် ဆေးဝါး ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ သည်။

အေဖိုးဆိုဒ်အရွယ် စာရွက်ပေါ်တွင် Free drug Zone/ No Election 2010 ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မြစ်ကြီးနားတက္ကသိုယ်၊ ဒူကထောင်ရှိ ပညာရေးကောလိပ်အပါအဝင် မြစ်ကြီးနားမြို့ ပေါ်ရှိ အထက၊ အလက ကျောင်းများ၊ အစိုးရဌာနဆိုင်ရာ အနီးနားရှိ ဓာတ်တိုင်၊ ခြံစည်းရိုး၊ အုတ်ခုံ စသည့် လူမြင်ကွင်းများတွင် ကပ်ခဲ့ သည်ဟု ကချင်ကျောင်းသားသမဂ္ဂမှ ပြောခွင့်ရ ကျောင်းသားတဦးက ပြောသည်။

“ဒီကနေ့ကျရောက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ  ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်း ဝယ်သူတွေ၊ သုံးစွဲသူတွေ များပြားနေတာကို အာဏာပိုင်တွေက လစ်လျူရှုထားတာကို ဆန့်ကျင်တဲ့ အနေနဲ့ လုပ်တာပါ။ ပြီးတော့ ကျနော်တို့ အစဉ်တစိုက်ဆန့်ကျင်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ကြောင်း ရေးထားပါတယ်။”

လူအများစိတ်ဝင်တစားရှိခဲ့ပြီး၊ အာဏာပိုင်များ လာရောက်သိမ်းယူခြင်း မတွေ့ရသေးကြောင်း အဆိုပါ ကျောင်း သားက ပြောသည်။

“မနေ့ညကတည်းက ကပ်ခဲ့တာ။ ဒီကနေ့ ကျောင်းတက်ချိန်မှာလည်း ရှိနေသေးတယ်။ ကျောင်းလာတဲ့ ကျောင်းသားတွေလည်း ကြည့်နေတာဘဲ။ လမ်းသွားလမ်းလာတွေလည်း ကြည့်ကြပါတယ်။ အင်္ဂလိပ် လိုရေးပေမယ့် ကျောင်းသားတွေ၊ လူလတ်၊ လူကြီးပိုင်းတွေ အတော် များများ နားလည်မှာပါ။ မသိခဲ့ ရင်တောင် သိတဲ့လူက ဘာသာပြန်ပေးလို့ ရမှာပါ။ ပြီးတော့ စာလုံးတွေက အခုအချိန်မှာ သိပ်ကြီး မစိမ်းတော့ဘူး။”

ပိုစတာလှုပ်ရှားမှုကို တွေ့မြင်ခဲ့ရသည့် ဒူကထောင်ရပ်ကွက်နေ ကချင်လူငယ်တဦးက ယခုလို စာကပ်လှုပ်ရှားမှု အပေါ် ထောက်ခံကြောင်း ပြောသည်။

“ပညာရေးကောလိပ်နားက အုတ်ခုံမှာ ဒီမနက် ဖတ်ခဲ့ရပါတယ်၊ လက်ခံသဘောတူပါတယ်။ ကိုယ်မ လုပ် နိုင်ပေမယ့် သူများတွေလုပ်တာ အားပေးပါတယ်။ ထောက်ခံပါတယ်။ မူးယစ် ဆေးဝါးဆိုတာက ကောင်းကျိုးမှ မရှိတာ။”

ကချင်ကျောင်းသားသမဂ္ဂအဖွဲ့သည် မကြာခဏဆိုသလို စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၊ ရေကာတာ ဆန့်ကျင် ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် မြေအောက်အဖွဲ့အစည်းဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။