လောက်ကိုင်မြို့တွင် ဗုံးဆယ်လုံးထက် မနည်း ဆက်တိုက်ပေါက်ကွဲ

သတင်းနှင့်မီဒီယာ ကွန်ယက်။
အောက်တိုဘာလ ၂၆ ရက်၊  ၂ဝဝ၉ ခုနှစ်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံးဆယ်လုံးထက်မနည်း ဆက်တိုက်ပေါက်ကွဲခဲ့ သည်။

အောက်တိုဘာ(၂၄)ရက်နေ့ ည(၈)နာရီမှ ည(၁၂)ဝန်းကျင်အထိ  လောက်ကိုင်မြို့လယ်ခေါင် အပါအဝင် မြို့နေရာ အနှံ့တွင် ဗုံးဆယ်လုံး ထက်မနည်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မြို့လယ်ခေါင်ရှိ ဘုံခုနှစ်ဆင့် အဆောက်အဦးအနီး ရွှေဆိုင်တန်းများရှေ့တွင် အင်အားပြင်း ထန်သည့် ဗုံးတလုံး ပေါက်ကွဲခဲ့သလို အခြားနေရာများတွင်လည်း ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲ၍ ထိခိုက်သေဆုံးမှုအခြေအနေနှင့် နေအိမ်အဆောက်အဦး ပျက်စီးမှုအခြေအနေ အသေးစိတ် မသိရှိ ရသေးပေ။

လောက်ကိုင်မြို့တွင် ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်နှင့်အတူ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ(၁၂၈)၊ ခလရ(၁၂၉)၊ ခလရ(၂၃၉)၊ ခလရ(၃၂၂)အပါအဝင် အမြောက်တပ်ခွဲတခုပါ တပ်စွဲထား၍ အဆိုပါ ဗုံးများ ပေါက်ကွဲမှုအပေါ် သံသယရှိနေကြသည်။

သြဂတ်လကုန်ပိုင်းက ကိုးကန့်ဒေသအတွင်း ငြိမ်းချမ်းရေးယူထားသည့် ကိုးကန့်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား တိုက်ပွဲများဖြစ်ပြီး နှစ်လပြည့်ခါနီးအချိန်တွင် ယခုလို ဒေသအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။