ဆူနာမိတွင် သေဆုံးခဲ့သော မြန်မာရုပ်အလောင်းများ ယခုတိုင်ကျန်ရှိနေ

သတင်းနှင့်မီဒီယာကွန်ယက်။
ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၀၇ခုနှစ်။

ဆူနာမိလှိုင်းဒဏ်ခံခဲ့ရသည်မှာ ယနေ့တွင် သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း ဆူနာမိလှိုင်းများကြောင့် သေဆုံးရ သော မြန်မာနိုင်ငံသားများ၏ ရုပ်အလောင်း ၂၅ လောင်းမှာ ယနေ့တိုင် မမြှုပ်နှံရသေးပဲ ရှိနေသည်ဟု ထိုင်းလူမှု ကူညီရေးအသင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မြန်မာအလုပ်သမားများ၏ ရုပ်အလောင်းများကို ရှာဖွေဖော်ထုတ် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တီအေစီ ဒီဘီ ခေါ် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်းကော်မတီ၏ ထိုင်းနိုင်ငံ တောင်ပိုင်း တာဝန်ခံ ကိုသက်ခိုင် က မြန်မာရုပ်အလောင်းများ ကျန်ရှိသေးကြောင်း ပြောသည်။

အအေးခန်းထဲမှာ ထည့်ထားတဲ့ မြန်မာအလောင်း ၂၅လောင်းကျန်သေးတယ်။ အဲဒီမှာဆိုရင် ထိုင်းအ လောင်း ၇လောင်းနဲ့ နိုင်ငံခြားသား ၁လောင်းလည်းရှိသေးတာပေါ့။ အဲဒါတွေအပြင် သေသေချာချာ ဆွေမျိုးတို့ အချက်အလက်ခိုင်ခိုင်မာမာမရှိလို့ ယာယီမြေမြုပ်ထားတဲ့ဥစ္စာက ဖန်ငခရိုင် တကောပါ မြို့နယ်ထဲမှာရှိတဲ့ ဘန့်မလိုဝမ်လို့ ခေါ်တဲ့ယာယီသင်းချိုင်းမြေမှာ အလောင်း သုံးရာကျော်ရှိတယ်။ အဲဒီထဲမှာ မြန်မာပြည်သားတွေက မပါဘူးဆိုလိုရှိရင် ကျနော်ထင်ပါတယ်။ တရာကျော် နှစ်ရာနီးပါးက မြန်မာပြည်သားအလောင်းတွေ ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။

၂၀၀၅ခုနှစ်မှ စတင်၍ ဒီအဲန်အေခေါ် မျိုးရိုးဗီဇ စမ်းသပ်နည်းဖြင့် ဆွေမျိုးရှာဖွေ သင်္ဂြိုလ်ပေးနိုင်ခဲ့သော မြန်မာရုပ် အလောင်း ၁၈၄လောင်းရှိပြီး မကြာမီရက်များအတွင်းတွင် ၄လောင်းထပ်မံ သင်္ဂြိုလ်မည်ဖြစ် သည်။

အလုပ်သမား လက်မှတ်များတွင် အမည်ရင်းမပေးခြင်း၊ ဆွေးမျိုးများကလာရောက်ရှာဖွေခြင်းမပြုသောအလောင်း များ ကျန်ရှိနေခြင်းဖြစ်သည်။

တချို့က ဒီ အလုပ်သမားလက်မှတ်ထဲမှာ ရှိတဲ့နံမည်က တမျိုး အပြင်မှာရှိနေတဲ့ ကျနော်တို့ သိတဲ့ နံမည်က တမျိုး ဘတ်နံပတ်တွေဘာတွေက အပြောင်းအလဲတွေဖြစ်တဲ့အခါကတော့ အဲဒါမျိုးတွေက ကြန့်ကြာမှုတွေရှိတယ်။ နောက်တခုကျပြန်တော့လည်း ဆွေမျိုးက ဘယ်မှာမှန်းကို မသိတော့ဘူး။ ဆူနာမီဖြစ်ပြီးတဲ့အခါက တော်တော်များများက မြန်မာပြည်ကို ပြန်သွားကြတယ်။ ပြန်သွားတဲ့ မြန်မာ ပြည်သားတွေက ပြန်လာလို့ရှိရင်တော့ ကျနော်တို့က ဆွေမျိုးအထောက်အထားတွေ လိုက်ပြီးတဲ့ အခါကျရင် မျိုးရိုးဗီဇစစ်ပြီးတဲ့အခါကျရင် အလောင်းတွေ ထုတ်လို့ရတယ်။ တကယ်လို့ ပြန်မလာဘူး။ ဒီနေ့ ဒီအချိန်ထိ မြန်မာပြည်ထဲမှာပဲ နေတဲ့အခါကျရင် ကျနော်တို့ ဘယ်လိုမှ ထုတ်လို့ မရဘူးခင်ဗျ။

ရုပ်အလောင်းများရှာဖွေဖော်ထုတ်မှုတွင် အခြားနိုင်ငံအစိုးရများက ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း မြန် မာအစိုးရက ပူးပေါင်းဆောင်ရွက်မှုမရှိ၍ ပိုမိုကြန့်ကြာနေရခြင်းဖြစ်သည်ဟု ကိုသက်ခိုင်က ဆက်လက် ပြော သည်။

ယနေ့ကျရောက်သည့် ဆူနာမီ ၃နှစ်ပြည့်အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်တွင် ကျင်းပခဲ့ရာ ထိုင်းအာဏာပိုင်များ၊ နိုင်ငံတကာ သံတမန်များနှင့် ဆူနာမီကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကိုယ် စားလှယ်များတက်ရောက်ပြီး သေဆုံးသွားသူများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပခဲ့သည်။

၂၀၀၄ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းအနီးတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား ၉ဒသမ၃ ရစ်ခ်ျတာ စကေးရှိသည့် မြေငလျင်ကြောင့် ဆူနာမိခေါ် ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ကာ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းရှိ နိုင်ငံများစွာကို ရိုက်ခတ်ခဲ့သဖြင့် လူ ၃သိန်းခန့်သေဆုံးခဲ့ရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူ ငါးထောင် သုံးရာကျော်သေဆုံးခဲ့ရာ မြန်မာပြည်သား ၃ထောင်ခန့် ပါဝင်နိုင် ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် မြန်မာအလုပ်သမားအရေးကို ကူညီသူများက ခန့်မှန်းထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။