|
အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနယ်စပ်
မဲဆောက်ရှိ သိုးမွေးစက်ရုံတခုမှ အလုပ်သမလေးဦးသည် နစ်နာကြေးရရှိရန် အတွက်
တရားရုံးတွင် နှစ်နှစ်နီးပါး တရားစွဲဆိုရာ ယနေ့ နစ်နာကြေးရရှိသည်။
မဲဆောက်မြို့
စိန့်ဟိန်း သိုးမွေးစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမ လေးဦးက တရားဆွဲဆိုရာမှ
မြန်မာ အလုပ်သမား အရေးကို ကူညီပေးနေသည့် မြန်မာ့အရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA)
တာဝန်ရှိသူ ကိုစိုင်း အောင်က ပြောသည်။
“စိန်ဟိန်းသိုးမွေးစက်ရုံပေါ့ ထိုင်စက်အလုပ်သမလေးတွေ ၂၄ ဦး အလုပ်ထုတ်ခံရတယ်။
အလုပ်ထုတ်ခံ ရတဲ့အတွက် နစ်နာကြေး၊ လျှော်ကြေးတွေကို တရားရုံးက
ချမှတ်ပေးထားတာကို အလုပ်ရှင်က ပျက် ကွက်တယ်လေ။ ပျက်ကွက်တော့ ဒီကနေ့
အလုပ်သမားတွေ ကနေပြီး အဲဒီစက်ရုံကို သွားပြီး သူတို့ ရဲ့ နစ်နာကြေး
လျှော်ကြေးအစား စက်ပစ္စည်းတွေကို သွားသိမ်းတာပေါ့။ အခုသိမ်းလိုက်တဲ့ ပစ္စည်းက
ထိုင်စက်ပေါ့နော်။ ဒီသိုးမွေးစက်ရုံမှာ အလုပ်သမားတွေ အမျိုးသမီးတွေ
အလုပ်လုပ်နေတဲ့ ထိုင်စက် လို့ခေါ်တာပေါ့။ မော်တာနဲ့ ချုပ်တဲ့ ထိုင်စက်ပေါ့။
ထိုင်စက် ငါးဆယ်နဲ့လေးလုံးကို သွားရောက်ပြီး သိမ်းလိုက်တာပေါ့။”
၂၀၀၇ ခုနှစ်၊ မေလ ၇
ရက်နေ့တွင် စိန့်ဟိန်း သိုးမွေးစက်ရုံရှိ အလုပ်သမ ၂၄ ဦးအား အလုပ်ထုတ်ခံရာမှ
လုပ်အားခ နစ်နာကြေးပေးရန် အလုပ်သမားကူညီပေးရေးအဖွဲ့၏ အကူအညီဖြင့်
တရားဆွဲဆိုခဲ့ခြင်းဖြစ်သည်။
အလုပ်ထုတ်ခံရခြင်းအကြောင်းနှင့်ပတ်သက်၍ အလုပ်ထုတ်ခံရသည့် အလုပ်သမ မခင်ဌေးဝင်းက
ယခုလို ရှင်းပြသည်။
“ကမ်းနားဖူးရုံမှ
စက်ရုံတရုံရှိတယ်။ သူ့စက်ရုံပဲ ပစ္စည်းတွေ အကုန်လုံး တင်သွားတယ်။ သမီးတို့မှ
ထိုင်ခုံတွေလည်း ဘာတွေလည်း ထိုင်ချုပ်စရာမရှိဘူး။ အဲဒါ သူ့(သူဌေး)ဆီ
တောင်းဆိုတယ်ပေါ့နော်။ အားလုံးမတင်သွားနဲ့ စက်တွေလည်း အားလုံးတင်သွားတယ်။
အဲဒါကြောင့်မို့လို့ သမီးတို့က Office ခန်းထဲမှာ သွားတောင်းတယ်။ သူက
သမီးတို့ကို အော်တယ်ပေါ့နော် လက်ညိုးထိုးပြီးတော့။ အော်ပြီး တော့ သူပြောတယ်
အလုပ်မလုပ်ချင်လို့ ရှိရင်လည်း ထွက်သွားလို့ရတယ်တဲ့။ သူ ဒီရုံပိတ်ပါတယ်
ဆိုပြီးတော့ စာရေးပြီးတော့ စက်ရုံရဲ့ အပြင်မှာ ခြောက်နာရီဆို အပြင်ထွက်ပေးဖို့
ခြောက်နာရီထိုးမှ အပြင်မထွက်ပေးလို့ရှိရင် သူအရေးယူမှာပေါ့။ အဲဒါ
သမီးတို့ကနေပြီးတော့ ဒုက္ခတွေ ရောက်ပြီးတော့ အပြင်ကို ထွက်ပေးခဲ့ရတယ်။”
အလုပ်ထုတ်ခံရသည့်
အလုပ်သမ ၂၄ ဦးထဲမှ အလုပ်သမ လေးဦးဖြစ်သည့် မချိုချိုသဲ၊ မအိမွန်၊
မချိုချိုနှင့် မခင်ဌေးဝင်းတို့ နစ်နာကြေး ရရှိရန် ဆက်လက် တရားစွဲဆိုရာ
ရုံးချိန်းသုံးခါ တက်ရပြီး ပြီးခဲ့သည့် အောက်တိုဘာ လ တွင် တရားရုံးက
ဘတ်ငွေလေးသိန်း (၄၃၀၈၁၈) အား လျှော်ကြေးပေးရန် အလုပ်ရှင်အား အမိန့်ချမှတ်
ခဲ့သည်။
သတ်မှတ်ထားသည့်
ရက်(၆၀)ကျော်အတွင်း လျှော်ကြေးငွေကို တရားရုံးတွင် လာရောက် မပေးဆောင်သည့် အတွက်
တရားဥပဒေအရ နစ်နာကြေးငွေ ရပိုင်ခွင့်အစား စက်ရုံအတွင်း ရှိ စက်ပစ္စည်းများကို
သိမ်းဆည်းရှိရာ သွားရောက် သိမ်းဆည်းခဲ့သည်ဟု ၎င်းတို့ကို အကူအညီပေးသည့် အဖွဲ့က
ပြောသည်။
“ကျနော်တို့အမြင်က
ရှင်းတယ်ဗျ။ အလုပ်သမားတွေက နကိုယ်ကတည်းက နစ်နာကြေး တွေနဲ့ အလုပ်ရှင်တွေရဲ့
မတရားခေါင်းပုံဖြတ်စားမှုတွေကို တော်တော်များများခံနေကြရတာကို။ ဒီအလုပ်
သမားတွေရဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနစ်နာမှုတွေကို တရားဥပဒေ
ဘောင်တွင်းက စနစ်တကျ တောင်းဆိုမယ်၊ ရပိုင်တွင်တွေ မကြောက်မရွံ့ပဲနဲ့
သတ္တိရှိရှိနဲ့ တောင်းဆိုမယ်ဆိုရင်တော့ တနည်းတဖုံ နဲ့ ပြောင်းလဲမှုတွေ
ရှိလာမယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒါကြောင့် အလုပ်သမားတွေကလည်း
ကိုယ့်ရဲ့ရပိုင်ခွင့်တွေ နစ်နာမှုတွေကို ကိုယ်ကိုတိုင်တောင်းဆိုလို့ရတယ်ဆိုတာကို
ကျနော်က ပြောချင် တယ်။”
ဟု အလုပ်သမား
ရပိုင်ခွင့်နှင့် ပတ်သက်ပြီး ကိုစိုင်းအောင်က ဆက်လက်ပြောဆိုသည်။
အလုပ်သမားများက
တရားဆွဲဆိုထားပြီး တရားရုံးတွင် လျှော်ကြေးပေးရန် အမိန့်ချမှတ်ထားပြီး
မပေးဆောင် ရသေးသည့် အလုပ်ရုံ စက်ရုံနှင့် ဆောက်လုပ်ရေး အလုပ်ရုံ အတော်များများ
ရှိနေသေးသည်ဟု ကိုစိုင်းအောင်က ပြောသည်။
|