နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်တောင်းဆို

နွယ်လေး။
ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။

နာဂစ်မုန်တိုင်းလွန်ကာလတွင် မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုး ဖောက်မှုများကို ဖော်ပြ သည့် အစီရင်ခံစာတစောင်ကို အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) နှင့် ဂျွန်ဟောပ်ကင်းတက္ကသိုလ်က ပြည်သူ့ကျန်းမာရေးနှင့် လူအခွင့်အရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

(After the Storm: Voice form the Delta) မုန်တိုင်းအလွန် မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ပေါ်သံများဟု အမည်ပေးထားသော ယင်းအစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းစာဆရာများ အသင်း တိုက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

နာဂစ်လွန်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးပေါ်ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ အတွင်းရေးမှူး ဆရာမန်းမန်း က ယခုလို ပြောသည်။

“အဓိကကတော့ ကူညီပစ္စည်းတွေ ထိရောက်တဲ့ နေရာမရောက်တာတွေ၊ ကူညီပစ္စည်းဖွက် ထားတာ ရောင်းစားတာတွေရယ်၊ သွားရောက်ကူညီမယ့်နေရာကို ကန့်သတ်မှုပေးတာတွေ၊ အဓမ္မလုပ်အားပေး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မပြုကျင့်မှုလေးတွေကို ထောက်ပြတယ်။”

ယင်းအစီရင်ခံစာထုတ်ပြန်ရခြင်းသည် နာဂစ်ဖြစ်ပြီးနောက်ပိုင်း လူထုများ ခံစားရသည့် လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် ယခုချိန်ထိ ကူညီထောက်ပံ့မှု လုံလောက်မှု မရရှိသေးသည့် လူထုအဖြစ်မှန်ကို ဖော်ထုတ်နိုင်ရန်၊ နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားသည့် လူသားတာဝန်မကျေမှုကို နိုင်ငံတကာမှ အရေး ယူဆောင်ရွက်ပေးနိုင်ရန်နှင့် အာစီယံ၏ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးမူမှာ မှားယွင်းကြောင်း လူသားချင်းစာနာမှုသည် လူသားတိုင်းနှင့် သက်ဆိုင် သည်ဟု ဆရာမန်းမန်း က ထောက်ပြပြောဆိုသည်။

နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ပါဝင်ကူညီသည့် လူရွင်တော် ဇာဂနာတို့ ကဲ့သို့သော လူမှုအဖွဲ့အစည်း များကို ဖမ်းဆီးထောင်ချခြင်းများ မပြုလုပ်ရန်၊ လူမှုရေး ကူညီသည့် စုစည်းမှုနှင့် လူမှုအဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကူညီခွင့်ပေးရန် အာစီယံမှ မြန်မာအစိုးရအား ဖိအားပေးရန် တောင်းဆိုသည်။

ယမန်နှစ် မေလ ၂ ရက်နေ့တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အသေအပျောက် ၁သိန်း ၄သောင်းခန့်ရှိပြီး လူပေါင်း ၆ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။