|
တရုတ်မီးသတ်သမား(၅၀၀)ကျော် မြန်မာနိုင်ငံဘက် ၀င်ရောက်မီးငြိမ်းပေး၊
မြန်မာဖက်ခြမ်းတွင် လောင်ကျွမ်းဆဲဖြစ်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဖေဖေါ်ဝါရီလ ၂၇ရက်၊ ၂၀၀၉ ခုနှစ်။
တရုတ်-မြန်မာနယ်စပ်
တောမီးလောင်မှုအတွင်း တရုတ် မီးသတ်အင်အား ၅၀၀ ကျော် မြန်မာနိုင်ငံဖက်သို့ ၀င်
ရောက် မီးငြိမ်းသတ်ခဲ့ရသည်ဟု တရုတ် သတင်းစာက ဖော်ပြသည်။
ယခုအခါ
တရုတ်နိုင်ငံဖက်ခြမ်းတွင် မီးလောင်ကျွမ်းမှုမရှိတော့ပဲ မြန်မာဖက်ခြမ်းတွင်မူ
ဆက်လက် လောင်ကျွမ်း နေဆဲဖြစ်ကြောင်း အခုလ(၂၅)ရက်ထုတ်ယူနန်သတင်းစဉ်တွင်
ဖော်ပြသည်။
နယ်ခြားဖြတ်ကျော်၍မီးငြိမ်းသတ်ခြင်း ခေါင်းစဉ်ဖြင့်၏ မျက်နှာဖုံးသတင်းတွင်
ဖေါ်ပြချက်အရ တရုတ်စစ်တပ်၊ မီးသတ်၊ သစ်တောဝန်ထမ်းနှင့် ဒေသခံလူထု (၃၀၀၀)ကျော်
မီးငြိမ်းသတ်ခဲ့ပြီး မြန်မာပြည်ဘက်မှ ဖိတ်ခေါ် အကူအညီတောင်းခံမှုအရ
တရုတ်မီးသတ်အင်အား (၅၀၀)ကျော် မြန်မာပြည်ဘက်ခြမ်း ၀င်ရောက် မီးငြိမ်း
သတ်နေကြောင်း၊ တရုတ်သစ်တောဌာန၏ ခန့်မှန်း ချက်အရ မြန်မာပြည်ဘက်တွင် မို ၂၉၀၀၀ (
ဧက ၅၀၀၀ နီးပါး)၊ တရုတ်ပြည်ဘက်တွင် မို ၄၀၀၀(ဧက ၆၀၀ကျော် ) မီးလောင်ခဲ့သည်ဟု
ဖော်ပြသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင် တောင်ယာမီးရှို့ရာမှ အခုလ(၁၈)ရက်နေ့ ကတည်းက
စတင်လောင်နေခဲ့ပြီး (၂၂)ရက်နေ့တွင် တရုတ်ပြည်ဘက်သို့ နယ်စပ်ဖြတ်ကျော်
မီးကူးစက်လာခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်ရှိ
သစ်တောများထူထပ်ရာ ကောင်လီကုံး တောင်တန်းအား တရုတ်ဘက်မှ နယ်ခြား စောင့်တပ်နှင့်
မီးသတ်သမားတို့က စောင့်ကျပ်ကာကွယ်နေပြီး အရှည်(၁၀) ကီလိုမီတာ၊
အကျယ်(၁၀)မီတာရှိတဲ့ မီးတားလမ်းကို လူအင်အား(၁၅၀၀)ဖြင့် ဖောက်လုပ်နေကြောင်း၊
တရုတ်ပြည်ဘက်တွင် မီးလောင် မှုမရှိတော့သော်လည်း မြန်မာပြည်ဘက်တွင် ဆက်လက်
လောင်နေဆဲ ဖြစ်ကြောင်း ဖေါ်ပြထားသည်။
အခုလ(၂၅)ရက်နေ့က
အဆိုပါဒေသ မီးငြိမ်းသတ်မှုတွင် တရုတ်မီးသတ်သမားတဦး သေဆုံးခဲ့သည်ဟု ဆင်ဟွာသတင်းက
ဆိုသည်။
၁၉၉၉ ခုနှစ်ကလည်း
အဆိုပါနေရာတွင် အလားတူ တောမီးလောင်ကျွမ်းခဲ့သေးကြောင်း၊ အဆိုပါ အချိန်တုန်းက
ကျန်ခဲ့သည့် မီးသွေးများက လောင်စာအနေဖြင့် ယခုအခါ လောင်ကျွမ်းနေကြောင်း၊
တောင်တန်းများမှာ မတ်စောက်မြင့်မားပြီး ရေခဲမှုများလည်းရှိနေသဖြင့်
မီးငြိမ်းသတ်ရာတွင် အခက်ခဲများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါ သတင်းစာတွင်
ဖေါ်ပြထားသည်။
|