ပြည်သူကို မိဘလိုသဘောထားရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြော

မတ် ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။

ယနေ့မနက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် (၆၂) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်သားများအနေဖြင့် ပြည်သူ လူထုကို မိဘ အရင်းအချာလို သဘော ထားရန် ပြောကြားလိုက်သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်ကစ၍ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဟု မြန်မာ စစ်အစိုးရက အစဉ် တစိုက် ကြွေးကြော်ခဲ့ရာမှ ယနေ့ ပြောင်းလဲတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်းကို မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာသူက ယခုလို ဖတ်ကြားခဲ့သည်။

“မိမိတို့ တပ်မတော်သားတွေဟာ ပြည်သူတွေကြားက မွေးဖွားလာသူတွေဖြစ်ကြောင်း၊ မိမိတို့ဟာ ပြည်သူတွေရဲ့ ရင်နှစ်သည်းခြားတွေဖြစ်တာနဲ့အညီ ရောက်ရာဒေသ၊ ကျရာ တာဝန်မှာ တွေ့ရတဲ့ ပြည်သူလူထုကို ကိုယ့်ရဲ့ မိဘအရင်းအခြာပဲလို့ သဘောထားပြီး စောင့်ရှောက်ကြ၊ ကာကွယ်ကြ၊ အကျိုးစီးပွားကို ဖေါ်ဆောင်ပေးကြရမယ်။ မိဘပြည်သူ တွေဟာ ကိုယ့်သားသမီးဖြစ်တဲ့ ရဲဘော်တို့ကို ချစ်ခင်ရင်းစွဲ ရှိပြီးဖြစ်ကြောင်း။”

ထို့ပြင် အနောက်အင်အားကြီးနိုင်ငံများက တပ်မတော် လက်နက်ကိုင် အဖွဲ့အစည်းကို ဖြိုခွဲ သကဲ့သို့   ၀န်ထမ်း အဖွဲ့အစည်း များကိုလည်း ဖြိုခွဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွေးစည်း ညီညွှတ်ဖို့ လိုအပ်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

တပ်မတော်ကို အင်အားတောင့်တင်းသည့် ခေတ်မီမျိုးချစ်တပ်တည်ဆောက်ရန် မှာကြားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိန့်ခွန်းကို မြန်မာ့ ရုပ်မြင်သံကြားက ယခုလို ဆက်လက်တင်ပြသည်။

“နိုင်ငံတော်ကာကွယ်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ကြောင်း၊ အထူးသဖြင့်တော့ တပ်မတော်ဟာ အဓိက တာဝန်ရှိကြောင်း၊ ဒါ့ကြောင့် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် စဉ်ဆက်မပြတ် တည်ဆောက်သွား ရေးနဲ့ ပြည်သူနဲ့တပ်မတော်ဟာလည်း ရေကိုတားလို့ အကြားမထင်သလို  တသားတည်း ရှိရေးတို့ဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ချက် ဖြစ်ကြောင်း။”

ယနေ့ကျင်းပသည့် စစ်ရေးပြအခမ်းအခမ်းအနားတွင် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အောင်ဇေယျ၊ ဆင်ဖြူရှင်၊ ဗန္ဓုလ၊ မြ၀တီဟု အမည်ပေးထားသော စစ်ကြောင်းကြီး (၇) ကြောင်း၊ အင်အား (၁၅၀၃၅) ဦးဖြင့် ချီ တက် စစ်ရေးပြခဲ့သည်။

ယခု အခမ်းအနားသည် မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ရွေ့ပြောင်းပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားဖြစ်ပြီး ယမန်နှစ်က လူအင်အား (၁၂၀၀၀) ကျော် ချီတက်စစ်ရေး ပြခဲ့သည်။

ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သည့် ၁၉၄၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ် ထားရာမှ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် တပ်မတော်စစ်ခေါင်းဆောင်များ ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်တွင် တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု ပြောင်းလဲ သတ်မှတ် ခဲ့သည်။

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။