ဒေါ်စု  လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများ တောင်းဆို ဆန္ဒပြ

နွယ်လေး။
မေလ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့နှင့် မဲဆောက်ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် မြန်မာ့လူမှုရေး ဘာသာရေး အဖွဲ့များ ပူးပေါင်းပြီး ယနေ့ တောင်း ဆို ဆန္ဒပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ချက်ခြင်းလွှတ်ပေးရန်၊ ၂၀၁၀ ရွေးကောက်ပွဲဖျက်သိမ်းပေးရန် မြန်မာစစ်အစိုးရ အာဏာ ရှင်ကျဆုံးရေး အတွက် ဖိအားပေးရန်အဓိကထားတောင်း ဆိုသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကိုခိုင်အံ့မောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်မချင်း ကျနော်တို့ကတောင်းဆို ဆန္ဒပြသွားမယ်။ ကျနော်တို့ ဒီလို မျိုးလုပ်နေရင် တစ်ကမ္ဘာလုံးက လူတွေ တစ်နိုင်လုံးကလူတွေရော အကုန် လုံးသာ လမ်းပေါ်ထွက် ဆန္ဒပြရင် ဒါဘာမှမဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မပေးမချင်း ဆက် ဆန္ဒပြသွားမယ်။ ဘန်ကောက်မှာ ရှိတဲ့ ရုရှားသံရုံး၊ တရုတ်သံရုံး တွေရော ၁၇ ရက်နေ့ကစပီး ရက် ခြားရက်ခြား လိုက်ဆန္ဒပြခဲ့တယ်။ မြန်မာသံရုံး၊ UNHCR၊ တရုတ်၊ ရုရှား သံရုံးတွေ ပြပီးပီ။ နောက် ထပ် မလုပ်ပေးဘူးဆို နောက်ပိုင်း ဆက်ပြဖို့ရှိတယ် ။

ယခင်ဆန္ဒပြခဲ့ရာတွင် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိများက ၎င်းတို့လည်း ဒေါ်စု လွတ်မြောက်ရေး အတွက် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် ထပ်တူထပ်မျှ စိုးရိမ် ပူပန်နေကြကြောင်း အားပေးစကားပြောဆို သော်လည်း တရုတ်သံရုံးမှ တာဝန်ရှိသူ များက ထွက်တွေ့ခြင်း မရှိဟု ၎င်းကဆက်ပြောသည် ။

မဲဆောက်မြို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကီးရုံးတွင် ယနေ့ နေ့ခင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမြန် လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန်စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟူသော ကြွေးကြော်သံများကို မြန်မာပြည်သားများက အော်ဟစ် တောင်းဆိုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု တံဆိပ်ပါ ရင်ထိုးအ၀ိုငှ်းင့်  ပိုစတာ၊ စာများကို လည်း ဖြန့်ဝေခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ထိုင်းလူငယ် အချို့လည်း ပူးပေါင်းပါဝင်သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ရုပ်သိမ်းကြောင်း အင်းစိန် ထောင်ရှိ တရားရုံး ချုပ်တွင် ရဲအရာရှိနှစ်ဦးက လာရောက် ဖတ်ကြားသွားသော်လည်း သူမကိုမူ ယင်းထောင်တွင်းမှာပင် ဖမ်းဆီးထား ဆဲဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။