|
ပဲခူးမြို့တွင် လူ၅၀ ပါဝင်ဆန္ဒပြ၊ ထောင်နှင့်
ချီသော ပြည်သူများထောက်ခံအားပေး
သတင်းနှင့် မီဒီယာကွန်ယက်။
သြဂုတ်လ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။
လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ
ဆက်တိုက်ဖြစ်ပွားပြီး ယနေ့ နံနက် ပဲခူး မြို့တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)က ဦးဆောင်သော လူအင်အား ၅၀ခန့်သည်
မြို့အတွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ယနေ့နံနက် ၉
နာရီအချိန်တွင် ပဲခူးဈေးကြီး မှ ရွှေမော်ဓော ဘုရားဈေးအထိ လမ်းလျှောက်
ဆန္ဒပြခဲ့ကြရာ လူ ထု ထောင်နှင့်ချှီု အားပေးခဲ့သည်ဟု ပဲခူးတိုင်း
အဲန်အယ်လ်ဒီအဖွဲ့ဝင် တဦးက ပြောသည်။
“အဲလို
လျှောက်တဲ့အခါကျတော့ ကျနော်တို့ကို လူထုအားပေးမှုတွေ ရှိပါတယ်။ ကျနော်တို့ ကို
မုန့် တွေ ရေသန့်ဗူးတွေ ကမ်းတယ်။ လက်ခုတ်တီးပြီးတော့ အားပေးတာပေါ့နော်။ အားလုံး
လူထုက ထောင်ကျော်လောက်တော့ ရှိမယ်။ လမ်းဘေးဝဲယာနဲ့ အနောက်ကနေ ဆိုင်ကယ်နဲ့
လိုက်ပြီးတော့ အားပေးတယ်။ အာဏာပိုင်တွေဖက် မှာတော့ ကျနော်တို့ကို
ဓာတ်ပုံရိုက်တာတို့ ဘာတို့တော့ ရှိတာ ပေါ့နော်။ တားဆီးမှုတွေ အဲအချိန်မရှိဘူး။ ”
လမ်းလျှောက်ဆန္ဒပြပြီး
အပြန် လိပ်ပြာကန်အရောက်တွင် မယက ဥက္ကဌက ၄င်းတို့အဖွဲ့ကို ခေါ်ပြီး မနက် ၁၀
နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ အပြန်အလှန်ဆွေးနွေးခဲ့သည်။
ဆန္ဒပြသူများအား
မယကရုံးသို့ခေါ်ယူသွားစဉ် ၄င်းတို့အားထောက်ခံအားပေးသည့် ပြည်သူတထောင်ကျော်ခန့် က
မယကရုံးရှေ့သို့လိုက်ပါလာခဲ့ကြသည်။
မယက ဥက္ကဌနှင့်
ပဲခူးမြို့ ရဲမှူးတို့က ဆန္ဒပြသူများအား ခေါ်ယူဆွေးနွေးရာတွင် ပြည်သူလူထု
အထိတ်တလန့် ဖြစ်မှုနှင့် လမ်းပိတ်ဆို့မှုများ ဖြစ်သည်ဟု ပြောဆိုကြောင်း ၄င်းက
ဆက်လက်ပြောသည်။
“ကျနော်တို့က အဲဒါကို
ပြန်ရှင်းပြတယ်။ ကျနော်တို့ စည်းကမ်းတကျနဲ့ စနစ်တကျနဲ့ လမ်းလျှောက် ဆန္ဒဖော်ထုတ်
ခြင်းဖြစ်ပါတယ်။ ကျနော်တို့ ငြိမ်းငြိမ်းချမ်ချမ်းနဲ့ စနစ်တကျ ဖော်ထုတ်တာကို
ရဲမှူး ကြီးတို့ လက်ခံပါသလားလို့ဆို လက်ခံပါတယ်တဲ့။ အဲဒီကိစ္စကို။ နောက်ပိုင်း
ဖြစ်မှာစိုးလို့ ခင်ဗျားတို့ ခံဝန်တော့ လက်မှတ်ထိုးရမယ်ပေါ့။ လောင်စာ
ဆီဈေးနှုန်းမြှင့်တက်မှုနဲ့ ကုန်ဈေးနှုန်းမြှင့်တက်မှုနဲ့ ပတ်သက်လို့ ကျနော်တို့
ဆန္ဒဖော်ထုတ်ပြီးတော့ လမ်းလျှောက်တဲ့ ကိစ္စကို ဒီခေါင်းစဉ်နဲ့ဆို ကျနော် တို့
လက်မှတ်ထိုးပေးမယ်။ ကျနော်တို့က ကိုယ်စားပြုပြီး လုပ်ရတာတွေ အများကြီး ရှိတယ်။
ကျနော် တို့သည့်ပြင် ပါတီကိစ္စ ဘာညာ ရှိတာကိုး။ အဲဒါနဲ့ ပတ်သက်ပြီးတော့
ချုပ်ချယ်မှုကိုတော့ ကျနော်တို့ လက်မခံဘူး။ အဲဒါဆို လက်မှတ်မထိုးနိုင်ဘူး။
ဒီကိစ္စတခုအတွက်ဆိုရင်တော့ လက်မှတ်ထိုးမယ် ဆိုပြီး တော့ ကျနော်တို့ အားလုံး
သဘောတူညီချက်နဲ့ ကျနော်တို့ လက်မှတ်ထိုးခဲ့ပါတယ်။”
လက်မှတ်ထိုးပေးပြီးနောက်တွင် အမျိုးသမီး ၇ဦးအပါအ၀င် ခေါ်ယူဆွေးနွေးခြင်းခံရသူ
၃၁ဦးကို ပြန်လည်လွှတ် ပေးခဲ့သည်။
ရန်ကုန်-မန္တလေး
လမ်းမတလျှောက် နာရီစင်အနားတွင် ကြံ့ဖွံ့အဖွဲ့နှင့် စွမ်းအားရှင် နှစ်ရာကျော်သည်
ဆန္ဒပြသူ အဖွဲ့ကို စောင့်ကြည့်နေကြသော်လည်း ပြည်သူများ၏ ကြိုတင်သတိပေးမှုနှင့်
မယကမှ ခေါ်ယူထိန်းသိမ်း လိုက်မှု ကြောင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ်ပွားခဲ့ပေ။
ယခင်အပတ်အတွင်းက
ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းဆန္ဒပြမှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး
ရေနံချောင်း၊ မိုးကုတ်မြို့ နှင့် ပုသိမ်မြို့များတွင်လည်း
ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ယခုလလယ်ပိုင်းတွင်
မြန်မာစစ်အစိုးရက ဓါတ်ဆီ၊ ဒီဇယ်နှင့် စီအဲန်ဂျီခေါ် ဓါတ်ငွေ့ဈေးနှုန်း များကို
ကြိုတင် ကြေညာချက်မရှိဘဲ တဆခန့်မှ ၅ဆခန့်ထိတိုးမြှင့်လိုက်ပြီးနောက်
မြန်မာပြည်တွင့်း ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
|