ကချင်ပြည်နယ်အတွင်း နအဖက  စစ်သားသစ်စုဆောင်းမှု ပိုမိုများပြား

သတင်နှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ( ၂၇)ရက်၊ ၂၀၀၇ ခုနှစ်။

ကချင်ပြည်နယ်အတွင်းတွင်  ဒေသခံစစ်တပ်နှင့် ဒေသခံအာဏာပိုင်များက စစ်သားသစ်စုဆောင်းမှုများကို ယခု လ များအတွင်း  ပိုမိုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မိုးကောင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် ညပိုင်း လမ်းပေါ်၌တွေ့ရှိသူ လူငယ်များအား ဖမ်းဆီးကာ စစ်တပ်တွင်း ၀င် ခိုင်း နေကြောင်း ဒေသခံအမျိုးသမီးတဦးက ယခုလို ပြောသည်။

“စုဆောင်းရေးဆွဲနေတာပေါ့၊ (၁၈)နှစ်ကနေ(၂၅)နှစ်အထိ ယောက်ျားလေးတွေ၊ ကျောင်းသားတွေ လည်း အပါအ၀င်ပေါ့။ အဲဒီမျိုးတွေ ဆွဲတယ်တဲ့။ ညညဆိုလို့ရှိရင် ဖမ်းသွားတယ်တဲ့။ ရပ်ကွက်တွေက အားလုံးပါတယ်။ ကျမ တိတိကျသိရတာကတော့ ဖိုးခွားဆိုတဲ့ကောင်လေးက လယ်တောက အပြန်မှာ သူကို့ခေါ်သွားတာပေါ့နော်။ အဲဒါနဲ့ သူ့အမေက ပြန်သွားရွေးမှာပေါ့နော် သူ့သားဆိုတော့။ သတင်း က လိုက်လို့မရဘူး။ သူ့အမေက ရွေးမယ် ဆိုလည်း ဘယ်မှာ သွားရွေးရမှန်း မသိတော့ဘူး။ သူ့အ မေက အခု ဖျားနေတယ်။ သူ့သားပျောက် သွားတယ်ဆိုပြီးမှ။ အဲဒါ (၂၅)ရက်နေ့တုန်းကပေါ့။”

သြဂုတ်(၁)ရက်နေ့က မိုးညှင်းမြို့ပေါ်ရှိ အောင်သပြေ၊ အရှေ့စု၊ နားခါ၊ မြို့မ၊ သာစည်၊ နတ်ကြီးကုန်း၊ နမီးစု၊ အုတ်ကျင်း၊ စက်ကုန်း စသည့်ရပ်ကွက်ပေါင်း (၁၀)ကျော်အား တရပ်ကွက်လျှင် (၄)ဦးနူန်းကျ စုဆောင်းပေး ရန်နှင့် ကျေးရွာများတွင် တည်ရှိအိမ်ခြေအလိုက် လူတဦးမှ ဆယ်ဦးအထိ စုဆောင်းရန် မိုးညှင်း မယကက ညွှန် ကြားထားသည်ဟု  မိုးညှင်ဒေသခံတဦးက ပြောသည်။

မိုးညှင်းခရိုင်ရှိ  နမ္မား၊ ဟိုပင်၊ အင်းတော်ကြီးဒေသများတွင်  မယက၊ ရယကနှင့် ပြည်သူ့စစ်များက ဇူလိုင်လ လယ်ပိုင်းမှစ၍ စစ်သားသစ်များ စုဆောင်းပေးနေရကြောင်း ၄င်းက ဆက်လက်ပြောသည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေစိုက် စစ်တပ်များကလည်း ဒေသခံလူငယ်များကို မက်လုံးပေး စည်းရုံး သိမ်းသွင်း နေကြောင်းကို မံစီဒေသခံတဦးက ယခုလို ပြောသည်။

“စုဆောင်းရေးတော့ ခေါ်တယ်၊ ဒါပေမယ့် ဒီမှာ လိုလိုချင်ချင် ကလေးတွေက စိတ်ဝင်စားကြတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ဒီမှာ တပ်ကတွေက မျက်စိထဲမှာ ဖားရိုက်တာတွေမြင်ရတော့ ကလေးတွေက အားကျတာပေါ့။ သူတို့ထင်ထားတာက  မံစီမှာဘဲ ပြန်ကျမယ် ထင်တယ်။ စည်းရုံးရေးတွေပါမှာပေါ့၊ ဖားရိုက်လို့ရတယ် ဘာညာ၊ ဆိုင်ကယ်နှဲု ကားယားကားယား သွားပြတဲ့ခါကျတော့ အဲလိုမျိုး စိတ်ဝင် စားကြတာ။ ၀င်သွားတာတော့ရှိတယ်။   လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကပဲ။ မံစီမြို့ထဲက လေးယောက် ပါသွားတယ်။ ကျန်တဲ့နေရာက ဘယ်လောက်ပါမှန် မသိဘူး။ ငါးယောက်မှာ တယောက်က ပြန်ခေါ် ထားတယ်ဆိုတော့ လေးယောက်ပါသွားတယ်။  သူ့အိမ်က ပြန်ခေါ်ထားလိုက်တာ၊ သိတဲ့ခါကျတော့  လေးယောက်ပါသွားတယ်။”

ဖားရိုက်သည် ဆိုသည်မှာ တရုတ်-မြန်မာ နယ်စပ်များမှတဆင့် တရားမ၀င်မှောင်ခိုပစ္စည်းများ ကူးသန်း သယ်ယူ နေမှုကို ဒေသခံစစ်သားများက တောလမ်းတွင် ကင်းပုန်းစောင့်ဖမ်းကာ ငွေတောင်းနေကြခြင်းကို ဆိုလိုခြင်း ဖြစ်ပြီး မှောင်ခိုပစ္စည်းများသယ်ထုတ်ရာ လမ်းကြောင်းသင့် သည့် မံစီမြို့အခြေစိုက်  ခမရ(၃၁၉) ရှိ စစ်သားများ သည်  မှောင်ခိုကယ်ရီသမားထံမှ မကြာခဏဆိုသလို ငွေတောင်းနေကြောင်း အဆိုပါ ဒေသခံ ပြောသည်။

ကချင်ပြည်နယ် ပူတာအို၊ ဖားကန့်နှင့် ၀ိုင်းမော်ဒေသများတွင်လည်း ယခုလများအတွင်း စစ်သားသစ်စုဆောင်း မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ကချင်သတင်းဌာနက ထုတ်ပြန်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။