ကိုးကန့်နယ်မြေအတွင်းရှိ နယ်စပ်ဂိတ်တခုတွင် ပစ်ခတ်မှုဖြစ်ပွား

ဇော်ကြီး။
သြဂုတ်လ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသအတွင်းရှိတရုတ်မြန်မာနယ်စပ်ဂိတ်  တခုတွင် ယနေ့နံနက်(၇) နာ ရီခန့်ကပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ယင်းပစ်ခတ်မှုသည် ကိုးကန့်နှင့် မြန်မာ စစ်အစိုးရအကြား တနင်္ဂနွေနေ့က စတင် ဖြစ်ပွားခဲ့သောတင်းမာမှုများအကြား ပထမဆုံး ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်သည်။

လောက်ကိုင်မြို့မှ တရုတ်ပြည် နမ်ဆာသို့ထွက်သည့် ရန်လုံကျင်းနယ်စပ်ဂိတ်ကိုဖုန်ကျားရှင်  အားထောက်ခံသည့် အဖွဲ့က ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦး အောင်ကျော်ဇောက ယခုလိုပြောသည်။

“မနက်ပိုင်းကတော့ နယ်စပ်နားတ၀ိုက်မှာ ပစ်ခတ်မှုလိုလိုတော့ ဖြစ်တယ်။နယ်စပ်မှာ ထိုင်နေတဲ့ ပုလိပ် ကို ဖုန်ကျားရှင်တပ်က သွားဝိုင်းတဲ့အခါမှာရဲတွေက ထွက်ပြေးကြတယ်။ ထွက်ပြေးရင်း သူတို့ချင်းမှား ပစ်တာ တယောက်ထိတယ်ဗျ။ ပေါင်မှာ။”

ထိုနယ်စပ်ဂိတ်စခန်းသည် ယခင်က ကိုးကန့်တပ်ဖွဲ့များစောင့်သည့် ဂိတ်ဖြစ်၍လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကိုး ကန့်တပ်ဖွဲ့များဆုတ်ခွာပြီးနောက် စစ်အစိုးရတပ်နှင့် ရဲတို့ ပူးပေါင်း နေရာယူခဲ့ခြင်းဖြစ်သည်။

သို့သော် ယမန်နေ့ညနေပိုင်းအချိန်က စစ်အစိုးရတပ်များ ပြန်လည်ဆုတ်ခွာသွားပြီး ရဲတပ်ဖွဲ့ သာကျန်ခဲ့ရာ ယနေ့ နံနက်တွင် ဖုန်ကျားရှင်အားထောက်ခံသည့် တပ်ဖွဲ့များက ၀င်တိုက်ခဲ့ ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လောလောဆယ်အခြေအနေနှင့်ပတ်သက်၍ “အဲဒီပေါက်ဝ(နယ်စပ်ဂိတ်)နားမှာ ဗမာတပ်မရှိတော့ဘူး။ ဗမာတပ်ကော ရဲကော မရှိတော့ဘူး။ မနေ့ ညနေက တပ်တွေဆုတ်တယ်လို့ ကြား ရတယ်။” ဟု ဦးအောင်ကျော်ဇောကပြောသည်။

လတ်တလောအခြေအနေအရ စစ်အစိုးရ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁နှင့်(စကခ) ၃ လက် အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားရာ လောက်ကိုင်ဒေသသို့ ထွက်ခွာသွားသည်ဟု တရုတ် မြန်မာနယ်စပ် ဒေသခံ များက ဆိုသည်။

ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အား မြန်မာစစ်အစိုးရမှနယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ယခုနှစ် ဧပြီလ ကုန်ပိုင်းမှစတင်၍ဖိအားပေးနေခဲ့ပြီး ယခုလဆန်းပိုင်း၌ ကိုးကန့်တပ်ဖွဲ့ အတွင်းအာဏာလွန်ဆွဲပွဲများ ဖြစ်ပေါ်ခဲ့ သည်။

သြဂုတ်လ ၂၃ ရက်နေ့က စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ကိုးကန့် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ပိုင်စုန်ချိန် ဦးဆောင်၍ ကိုးကန့်ခေါင်းဆောင်အချို့က ဥက္ကဌ ဖုန်ကျားရှင် အား ဖမ်းဆီး၍အာဏာသိမ်းရန် ကြံစည်ခဲ့သော် လည်း အောင်မြင်မှုမရဘဲ ဖုန်ကျားရှင်မှာ လွတ်မြောက်သွားခဲ့သည်။

ယခုလ ၂၅ ရက်နေ့က အာဏာသိမ်းအဖွဲ့မှ အစည်းအဝေးခေါ်ယူပြီးကိုးကန့်အဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းခဲ့သော် လည်း ဖုန်ကျားရှင်အဖွဲ့က တရားမ၀င်ကြောင်း ယမန်နေ့ နေ့စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်က ဖြစ်ပွားသည့်တိုက်ပွဲ၌ လူအသေအပျောက်ရှိသည်ဟု တရုတ်မြန်မာနယ်စပ် သတင်းများကဆို သော်လည်း အတည်ပြုချက်မရသေးပါ။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။