မိုးညှင်းတွင် အိမ်တိုင်း ကြက်ဆူပင်စိုက်ရန် အမိန့်ထုတ်

မတ်လ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အတွင်းရှိ ရွာသားများအားလုံးသည် ကြက်ဆူပင်များ စိုက်ပျိုးရန် ဒေသခံအာဏာပိုင် များက အမိန့်ထုတ်ပြန်ခဲ့သည်။

အိမ်ထောင်စုတိုင်း မိမိတို့အိမ်ရှေ့ မျက်နှာစာတွင် ကြက်ဆူပင်များ စိုက်ပျိုးရန် ယခုလ ၁၅ ရက်နေ့တွင် အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြက်ဆူပင်များ မစိုက်မနေရ စိုက်ခိုင်းနေကြောင်းကို မိုးညှင်းမြို့သားတဦးက ယခုလို ပြောသည်။

“မိုးညှင်းမြို့ပေါ်မှာ အောင်သပြေ၊ အရှေ့စု၊ မြို့မ၊ နားခါ တောင်၊ မြောက်၊ အုတ်ကျင်း၊ အိမ်ထောင်စု ပေါင်းလိုက်ရင် ငါးထောင်ကျော်လောက်ရှိတယ်။ အဲဒီငါးထောင်မှာ အိမ်ထောင်စု တစုကို ကြက်ဆူပင် (၃၅) ပင် စိုက်ခိုင်းတယ်။ ကိုယ့်သဘောနဲ့ကိုယ်စိုက်ပါတယ်ဆိုပြီး လက်မှတ်ထိုးရတယ်။ တကယ်လို့ မစိုက်နိုင်ဘူးဆိုရင် ငွေတစ်ထောင် တောင်းတယ်ဗျာ။ အိမ်ရှေ့မျက်နှာစာမှာ စိုက်ခိုင်းတယ်။ မြေနေရာ မရှိလို့ မစိုက်ပျိုးနိုင်တဲ့သူက ငွေတစ်ထောင် ပေးပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်ပေးပါတယ်ဆိုတဲ့ပုံစံမျိုး လက်မှတ်ထိုးရတယ်။ ၁၅ ရက်နေ့က စကောက်နေပါတယ်။ ရပ်ကွက်လူကြီးတွေကိုယ်တိုင် ကောက်နေ ကြပါတယ်။”

မိုးညှင်းမြို့သားများသည် မိမိအိမ်တွင်စိုက်ပျိုးရန် ကြက်ဆူပင်မျိုးကို ကိုယ်တိုင်ရှာဖွေ၍ စိုက်ပျိုးနေကြရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယမန်နှစ် နွေရာသီကလည်း မိုးညှင်းမြို့နယ်တွင် လူထုပိုင် မြေယာများကို ဒေသခံ အာဏာပိုင်များက သိမ်း ဆည်း၍ ရပ်ကွက်အလိုက်၊ ဌာနဆိုင်ရာအလိုက် ကြက်ဆူပင်များ စိုက်ပျိုးရန် အမိန့်ပေးစေခိုင်းခဲ့ကာ ဌာနဆိုင်ရာ ၀န်ထမ်းများသည် သုံးယောက်လျှင် တဧက နှုန်းဖြင့် စိုက်ပျိုးခဲ့ကြရသည်။

ကြက်ဆူစေ့မှ ဇီဝလောင်စာဆီထုတ်လုပ်ရန်အတွက် လွန်ခဲ့သည့် နှစ်ဆန်းပိုင်းမှာ စတင်က မြန်မာပြည်ရှိ တိုင်း နှင့် ပြည်နယ်အသီးသီးတွင် ကြက်ဆူပင် ဧက ၅၀၀၀၀၀ (ငါးသိန်း) စီ စိုက်ပျိုးရန် အစိုးရက ညွှန်ကြားထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။