|
ကရင်တပ်မတော် စခန်းကို ဒီကေဘီအေနှင့်
နအဖတပ်များ ဆက်လက်ထိုးစစ်ဆင်
ခွန်အောင်မြတ်။
ဧပြီလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။
ကရင်အမျိုးသားတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ ၆ နယ်မြေအတွင်းရှိ တပ်ရင်း ၂၀၁ ၏
ဝေါ်လေခီး အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ရန် မြန်မာစစ်အစိုးရတပ်နှင့်
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ လက်နက်ကြီးဖြင့်
ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။
ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍
ယနေ့အထိ ကေအဲန်အယ်လ်အေ
တပ်စခန်းကို လက်နက်ကြီး
ကျည်ဆံဖြင့်
အလုံးပေါင်း တရာကျော် ပစ်ခတ်တိုက်ခိုက်နေသည်ဟု တပ်ရင်း ၂၀၁ ဒု တပ်ရင်းမှူး
ဗိုလ်ကြီး စောဘူးဖောက ပြောသည်။
“လက်နက်ကြီးကျတော့
AP-1၊
၆၀ မမ၊ ၁၂၀၊ ပြီးတော့ ပွိုင့်ဖွိုက်၊
RPG-7
တို့ပေါ့နော်။ မနေ့ကဆို အလုံး တရာလောက်ရှိမယ်နဲ့ တူတယ်။ မှတ်လည်း
မမှတ်မိတော့ဘူးလေ။
တိုက်ပွဲထဲမှာဆိုတော့။ ထိုင်းဘက်လည်း
ကျတာ ထိုင်းစစ်သားနှစ်ယောက် ဒဏ်ရာရတယ်၊ အရပ်သား တယောက်ဒဏ်ရာ ရတယ်လေ။
ထိုင်းကလည်း မနေ့က သူတို့ပြန်ပြီး ပစ်ခတ် တာတွေရှိပါတယ်၊ လက်နက်ကြီးနဲ့။
အခုလည်း လက်နက်ကြီးနဲ့ ပစ်သေးတယ်။ ထိုင်းဘက်မှာ အလုံး ၂၀ လောက်ကျမှာပေါ့။”
ယမန်နေ့တွင်
ဒီကေဘီအေက
ထိုင်းနယ်မြေအတွင်းသို့ ပတ်ဝင်၍
ကေအဲန်အယ်လ်အေကို တိုက်ခိုက်ရန်
ကြိုးစားနေစဉ်
ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ
ထိုင်းစစ်တပ်က ၂ ယောက်
ဒဏ်ရာရရှိပြီး အရပ်သား
တဦးလည်း ထိခိုက်ဒဏ်ရာရကာ
ဖားဒီး ထိုင်းကျေးရွာမှ ရွာသား ၃၀၀ ကျော် ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေး
ခိုလှုံခဲ့ရသည်။
“အခုအခြေအနေတော့
မနေ့ကလည်း တိုက်ပွဲဖြစ်တယ်၊ ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်။ မနေ့က ဆယ်နာရီကနေပြီးတော့
မိုးချုပ်တဲ့အထိပါပဲ။ ကျနော်တို့ဘက်မှာတော့ အကျ အဆုံး ဒဏ်ရာရတာ ဘာမှမရှိဘူး။
ရန်သူနဲ့ ဒီကေဘီအေတော့ ကျနော်ခန့်မှန်း အရပေါ့ ဆိုရင်လေ ၇ ယောက် ၈ ယောက်
လောက် ရှိမယ်။ ဒဏ်ရာရတာနဲ့ သေတာပေါ့လေနော်။”
ယခုလ ၁၂ နေ့ကတည်းက
ကေအဲန်အယ်လ်အေ တပ်စခန်းကို သိမ်းပိုက်နိုင်ရန်
ထိုးစစ် တိုက်ခိုက်ရာတွင် မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေဘက်မှ
ထိခိုက်သေဆုံးသူ ၂၀ ကျော်ရှိပြီး အေအဲန်အယ်လ်အေဘက်မှ ဗိုလ်မှူးကြီး စောဂျေး
အပါအ၀င် ၂ ဦး ကျဆုံးပြီး တယောက် ဒဏ်ရာရရှိသည်ဟု
ကေအဲန်ယူ၏ အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေက ပြောသည်။
“ထိုင်းနိုင်ငံနဲ့
သူတို့နဲ့ ဆက်သွယ်ရေးမှာ အထူးသဖြင့် ပို့ဆောင်ရေးမှာ စီးပွားရေးလမ်းကြောင်း
အရပေါ့ သူတို့
အဲဒီနေရာမျိုးကိုရမယ်ဆိုရင်
သူတို့စီးပွားရေးလမ်းကြောင်းအရ ပိုပြီးတော့ ဆက်သွယ်ရေးလမ်းကြောင်း
ပိုဖြောင့်မယ်။ နောက်ပြီးတော့ အဲဒီဒေသ ခွင်တွေမှာ စိုက်ပျိုး
မွေးမြူနေတဲ့
စီးပွားရေးမြုပ်နှံမှုတွေ သူတို့အကြီးအကျယ် နှစ်ဖက်ပေါင်းပြီး လုပ်လို့
ရမယ်
ဆိုတဲ့ ဟာမျိုးတွေ။
နောက် သတ္ထုတွင်းတွေ ဘာတွေ တူးမယ်ဆိုလို့ရှိရင်လည်း သူတို့ တူးလို့ထွက်လာမယ့်
သတ္ထုရိုင်းတွေ ပို့မယ်ဆိုလို့ရှိရင်လည်း ဒီလိုလမ်းကြောင်း တွေ ပို့ရမယ်ဆိုတော့
သူတို့ လာတိုက်တယ်ဆိုတာ တခု။ နောက်တခုက သူတို့ ပထမ စမ်းထားပြီးတဲ့နောက်မှာ
သိမ်းပိုက်ပြီးတဲ့ နောက်မှာ ဟိုးလေး တကြော်ကြော်နဲ့ ဒီကေဘီအေ ကနေပြီးတော့
ပြန်ပြီးတော့ ပြန်ဆုတ်
သွားရတယ်။ ရှုံးသွားရတယ်
ဆိုတဲ့အခါ ကျတော့ အဲဒါကိုလည်း သူတို့ ဂုဏ်သိက္ခာ ပြန်ဆယ်
ချင်တာလည်း ပါတယ်။
ဒီနှစ်ခုပဲ ကျနော်ကြည့် ရတာကတော့။
”
မြန်မာစစ်အစိုးရတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း ၂၃၁၊ ခမရ ၅၄၉ နှင့်
ဒီကေဘီအေဘက်မှ တပ်ရင်း ၉၀၆၊ ၉၀၇၊ ၃၃၃၊ ၉၉၉ ပူးပေါင်းတပ်ဖွဲ့တို့
အင်အားတိုးချဲ့ပြီး ကေအဲန်ယူ တပ်ရင်း
၂၀၁ ဝေါလေခီးစခန်းကို
သိမ်းပိုက်နိုင်ရန်အတွက် လက်နက်ကြီးဖြင့် ဆက်လက် ထိုးစစ်ဆင်
တိုက်ခိုက်လျက်ရှိသည်။
ထိုင်းနယ်ခြားစောင့်တပ်ကလည်း
၎င်းနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိစေရန်
တပ်အင်အားများ ထပ်မံဖြည့်ထားသည်ဟု ထိုင်းနိုင်ငံ မီဒီယာ များတွင် ဖော်ပြသည်။
|