အကြမ်းဖက် သတ်ဖြတ်မှုများ ချက်ချင်းရပ်ရန် ထိုင်းရောက်မြန်မာများ ဆန္ဒပြ ဆုတောင်း

သတင်းနှင့် မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၈ရက်၊ ၂၀၀၇ခုနှစ်။

မြန်မာပြည် ရန်ကုန်မြို့တွင် ဆန္ဒပြသံဃာတော်များနှင့် ပြည်သူများကို စစ်အစိုးရက ပစ်ခတ် သတ်ဖြတ်ဖမ်းဆီး နေမှုအား အမြန်ဆုံး ရပ်တန့်စေရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချင်းမိုင်နှင့် မဲဆောက်မြို့များတွင် ဆန္ဒ ပြပွဲ၊ ဆုတောင်းပွဲများ ကျင်းပခဲ့ကြသည်။

ဘန်ကောက်မြို့တွင် နံနက် ၁၀နာရီခွဲခန့်က မြန်မာနိုင်ငံသားများနှင့် အတူ ထိုင်းနိုင်ငံသား ၇၀၀ခန့် မြန်မာသံရုံး ရှေ့သို့သွားရောက်က သံဃာတော်များကို ဖမ်းဆီးသတ်ဖြတ်နေသော စစ်အစိုးရအလိုမရှိကြောင်း ကြွေးကြော်သံ များကို အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။ တက်ရောက်လာသူအများစုမှ မြန်မာအလုပ်သမားများ ဖြစ်သည်။

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော မြန်မာအလုပ်သမားတဦးက “မနေ့တုံးက ကျနော်တို့မြန်မာနိုင်ငံမှာ ဘုန်းကြီး တွေကို သတ်တဲ့အခါကျတော့ ဒီကနေပြီးတော့ ကျနော်တို့ မြန်မာပြည်သူလူထုတွေ မခံမရပ်နိုင်ဖြစ်ပြီး တော့ အခုလို ဆန္ဒပြခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လို ခံစားရလဲဆိုရင် ကျနော်တို့ကိုးကွယ်တဲ့ ဘာသာ ရတနာသုံးပါထဲမှာ တပါးအပါအ၀င်ဖြစ်တဲ့ သံဃာကို စော်ကားတယ်၊ နှိပ်စက်တယ်ဆိုတာ ကျ နော်တို့ အသည်းထဲမှာ အခုထိ နာကျည်းစရာ ကြေကွဲစရာဖြစ်တာပေါ့။ ” ဟုပြောသည်။

ဘန်ကောက် မြန်မာသံရုံးရှေ့ဆန္ဒပြပွဲသည် ၁၁နာရီကျော်ခန့်တွင် အဖမ်းအဆီးမရှိဘဲ အေးချမ်းစွာ ပြီးဆုံးခဲ့ သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ရှိ ၀ပ်ဂျေ့ယောက် ဘုန်းတော်ကြီးကျောင်းတွင် မြန်မာပြည်မှ ရဟန်းသံဃာများ အပေါ် စစ်အစိုးရမှ အကြမ်းဖက်နေမှုကို ရပ်တန့်စေရန် ဆုတောင်းမေတ္တာပို့ကြသည်။ ဆုတောင်းပွဲကို နံနက် ၁၀နာရီ တွင်  စတင်ကာ ထိုင်းသံဃာတော်သုံးပါးက မေတ္တာသုတ်နှင့် မောရသုတ်များရွတ်ဆို ပေးကာ  မြန်မာ့ အရေး လှုပ်ရှားသူများနှင့် နိုင်ငံခြားသား ၂၀၀ခန့် တက်ရောက် ဆုတောင်းမေတ္တာပို့ခဲ့သည်ဟု ဆုတောင်းပွဲတွင် ပါဝင်သူတဦးက ပြောသည်။ ဆုတောင်းပွဲအခမ်းအနားသည် ၁၁နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

ညနေ ၅နာရီတွင်လည်း ထိုင်းအဲန်ဂျီအိုများနှင့် မြန်ပြည်သားများပူးပေါင်းကာ ဆုတောင်းပွဲ တရပ် ထပ်မံကျင်းပရန် ပြင်ဆင် ထားသည်။

ထိုင်းမြန်မာနယ်စပ်ဒေသရှိ မဲဆောက်မြို့တွင်လည်း ယနေ့နံနက် ၉နာရီခန့်က မယ်တော်ဆေးခန်းတွင် မြန်မာ ပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ရည်ရွယ်ကာ ဘာသာပေါင်းစုံဆုတောင်းပွဲတရပ် ကျင်းပခဲ့သည်။

ယင်းဆုတောင်းပွဲသို့ ခရစ်ယာန်၊ အစ္စလာန်နှင့် ဗုဒ္ဓဘာသာဝင် ၄၀၀ကျော်တက်ရောက်ခဲ့ကာ မိမိတို့ဘာသာ အလိုက် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြောင်း ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူတဦးက ပြောသည်။

ယမန်နေ့ညနေပိုင်းက မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ ထိုင်းနိုင်ငံသားများနှင့် အဲန်ဂျီအိုအဖွဲ့ဝင် နိုင်ငံခြားသား ၃၀၀ခန့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးတွင် ရန်ကုန်မြို့ ဆန္ဒပြပွဲတွင် ပျံလွန်ခဲ့ရသော သံဃာများနှင့် ကျဆုံးခဲ့ရသူ ပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ ဆုတောင်းပွဲ ပြီးဆုံး၍ ပြန်လာကြသော လက်မှတ်မရှိသူ မြန်မာအလုပ်သမား ၅၀ခန့်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။