သတ်ဖြတ်ဖမ်းဆီးမှု ချက်ချင်းရပ်ရန် မလေးရှားရောက် မြန်မာများ တောင်းဆို

ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည် သံဃာတော်နှင့် ပြည်သူတို့အပေါ် စစ်တပ်က အကြမ်းဖက် ပစ်သတ် ဖမ်းဆီးနေမှုကို အမြန်ဆုံး ရပ်တန့်ပေးရန် မလေးရှားရောက် မြန်မာနိုင်ငံသား ၄၀၀၀ ကျော်က  မြန်မာ၊ ရုရှနှင့် တရုတ်သံရုံးတို့ ရှေ့တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ယနေ့နံနက် ၁၀နာရီခွဲမှ ၁၂နာရီ အထိ သံရုံးများရှေ့တွင် သံဃာတွေ သတ်ဖြတ်ခြင်းကို ချက်ချင်းရပ် တန့်ရန်၊ နိုင်ငံရေး အကျဉ်းသမားတွေကို လွတ်ပေးရန်၊ ဒီမိုကရေစီ ရရှိရေး၊ အရေးတော်ပုံ အောင်ရ မည် စသည့်တောင်းဆိုချက် ပို့စတာများကို ကိုင်ဆောင်က ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

မလေးရှားရောက် မြန်မာအဖွဲ့အစည်းပေါင်းစုံမှ ဗမာ၊ ချင်း၊ ဇိုမီး၊ မွန်တိုင်းရင်းသားများနှင့်အတူ အခြားလူမျိုးများ ပူးပေါင်းပါဝင်ကြပြီး ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်လွင်က ယခုလိုပြောသည်။

“ဒီနေ့ ကျနော်ထပ်ပြောချင်တာကတော့ ဒီမှာရှိတဲ့ လူတွေအကုန်လုံးကပေါ့နော်၊ ကိုယ်နိုင်ငံမှာ ဒီအ ချိန်မှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်အစိုးရရဲ့ မတရား ညှင်းပမ်းသတ်ဖြတ်မှုတွေ မလေးရှားမှာ ရှိနေတဲ့ လူထုကြီးအနေနဲ့ မကျေနပ်ဘူးပေါ့ဗျာ။ အဲဒီတော့ အမြန်ဆုံး ရှုံးနိမ့်ပြီးတော့မှ ဒီမိုကရေစီ အမြန်ဆုံး ရရှိနိုင်ပါစေလို့ ကျနော်တို့ သံရုံးရှေ့မှာ ဆန္ဒပြကြတာပါခင်ဗျား။”

မလေးရှားနိုင်ငံတွင် ဆန္ဒပွဲကျင်းပလာခဲ့သည်မှာ ယခုတကြိမ်သည် လူဦးရေ အများဆုံးဖြစ်ပြီး မလေးရှား အာဏာ ပိုင်များ ဖမ်းဆီးအရေးယူမှု တစုံတရာ မရှိဟု သိရသည်။

ယနေ့ထိုင်းနိုင်ငံတွင်လည်း သံဃာတော်နှင့် ပြည်သူကို မြန်မာစစ်အစိုးရက အကြမ်းဖက် ပစ်သတ်ဖမ်းဆီးနေမှု ကို ချက်ချင်းရပ်တန့်ပေးရန် ဘန်ကောက်၊ ချင်းမိုင်နှင့် မဲဆောက်မြို့တွင် ဆန္ဒပြပွဲ၊ ဆုတောင်းပွဲများ ကျင်းပခဲ့ကြ သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။