ရုရှားစီမံကိန်းကြောင့် ရွာသားများ အိုးအိမ်မဲ့စေမည်

နွယ်လေး။  
ဇွန်လ ၂၉ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရုရှားနိုင်ငံ အထောက်အပံ့ဖြင့် တည်ဆောက်နေသည့် သတ္တု တွင်း တူးဖော်ရေး လုပ်ငန်းကြောင့် ယင်းဒေသရှိ ကျေးရွာလူဦးရေ ၇၀၀၀ ကျော် အိုးအိမ်များ ပျက်ဆီးဆုံးရှုံးမှု ရှိလိမ့်မည်ဟု ပအိုဝ်းလူငယ် အစည်းအရုံးက ယနေ့ထုတ်ပြန်သည့် အနာဂတ်ကို လုယူဖျက်ဆီး ခြင်း အစီရင်ခံစာတွင် ဖော် ပြထားသည်။

အနာဂတ်ကို လုယူဖျက်ဆီးခြင်း အစီရင်ခံစာကို ကိုယ်တိုင်ကွင်းဆင်း မှတ်တမ်းတင်ပြု စုခဲ့သည့် ပအိုဝ်းလူငယ် အစည်းအရုံး၏ အတွင်းရေးမှူး ခွန်ဆျန်ကီက “လက်ရှိဆောက်တဲ့ စက်ရုံ သတ္တုသန့်စင်ဖို့ အဓိက ရေလိုအပ်နေတယ်။ ရေလိုအပ်တဲ့အတွက်  ဟိုပုံးလွင်ပြင်မှာ အဓိကချောင်းမကြီးဖြစ်တဲ့ သဖက်ချောင်း ကို သူတို့ပိတ်လိုက်ပြီးသတ္တုသန့်စင်ဖို့ သူတို့ စက်ရုံထဲလွှဲ ထည့်လိုက်တယ်။ ချောင်းက မိုင်တစ်ရာ လောက် ရှည်တော့ စက်ရုံလည်ပြီ ဆိုတာနဲ့စက်ရုံက ထွက်လာတဲ့ ရေဆိုးရေညစ်ကြောင့် ရှမ်းပြည် နယ်နဲ့ ကရင်ပြည်နယ် စပ်မှာ ရှိတဲ့ ကျေးရွာပေါင်း တစ်ရာကျော်ကို ထိခိုက်တယ်”  ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး သံရိုင်းသိုက်ကြီးကို စစ်အစိုးရနှင့် ရုရှားနိုင်ငံပိုင် ကုမ္ပဏီတခုဖြစ်သည့် (Tyashpromexpot)တို့ ပူးပေါင်းကာ တောင်ကြီးမြို့နယ် ပင်းပက်တောင်တွင် တူးဖော်ရန် ပြင်ဆင်နေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

၂၀၀၆ခုနှစ် စက်ရုံတည်ဆောက်စဉ်ကပင် ဒေသခံလူထုများကို ဦးစားပေး အလုပ်ခန့် မည်ဟု အသိပေးခဲ့ သော် လည်း အိမ်သန့်ရှင်းရေးနှင့် ထမင်းချက် နှစ်ယောက်သာ အလုပ်ရရှိခဲ့သည်ဟု ပအိုဝ်းလူငယ် အစည်းအရုံးက ပြောသည်။

ပင်းပက်စီမံကိန်းတွင် ပါဝင်လုပ်ဆောင်သည့် ကုမ္ပဏီများလုပ်ငန်း ရပ်စဲသင့်ပြီး လူမှုရေးဆိုင်ရာ ဆိုးကျိုးသက် ရောက်မှုကို စနစ်တကျထိန်းသိမ်းပြုပြင်ပေးရန် ခွန်ဆျန်ကီက တိုက်တွန်းသည်။

“ပင်းပက်သံရိုင်းသတ္တုတွင်းကြောင့် အိုးအိမ်မြေယာ လက်လွတ်ဆုံးရှုံးသွားတဲ့ မိသားစု အားလုံးအ တွက် လုံလောက်တဲ့ ထိခိုက်နစ်နာကြေးပေးဖို့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအားလုံးကိုလည်း တောင်းဆိုချင်တယ်”

စက်ရုံသွားရာလမ်း ဖောက်လုပ်ရန် ရွာ ၃ ရွာမှ လူထု ၅၅ ဦးကို ၄င်းတို့အိုးအိမ်များမှ အတင်းအကြပ်ပြောင်းရွှေ့ ဖယ်ရှားပစ်စေခဲ့ပြီဖြစ်ပြီး ဒေသအာဏာပိုင်များက စိုက်ပျိုးမြေ ၁၁၀၀၀ ဧက ကိုလည်း သိမ်းပိုက်ရာ ကျေးရွာ လုထုများမှ ဒေသခံအာဏာပိုင်များထံ တင်ပြတောင်းဆိုမှုများကိုလည်း လစ်လျူရှုထားခဲ့သည် ဟု အစီရင်ခံ စာကဆိုသည်။

ပင်းပက်သံရိုင်း သတ္တုတွင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် သဘာဝပတ် ၀န်းကျင်ကို ဒေသခံလူထုနှင့် အတူ နိုင်ငံတကာမှ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် ပအိုဝ်းလူငယ် အစည်း အရုံးက တောင်းဆိုသည်။

ယခု စီမံကိန်းလုပ်ငန်းများတွင် စစ်သားများက အရပ်ဝတ်များဖြင့် လုံခြုံရေး တင်းကြပ်စွာယူထားပြီး ဒေသခံ များအကြားတွင် ယူရေနီယမ် ထုတ်လုပ်သည်ဟူသော သံသယများလည်း ရှိနေသည်ဟု ပအိုဝ်းလူငယ်အ စည်းအရုံးက ပြောဆိုသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။